
ရေဘေးသင့် ဂါဇာဒေသကို တဲအလုံးရေ ၁၅၀,၀၀၀ ကျော် ခွင့်ပြုပေးဖို့ ကုလသမဂ္ဂက နိုဝင်ဘာ ၁၁ ရက်မှာ အစ္စရေးကို တိုက်တွန်းလိုက်ပါတယ်။
ရေကြီးရေလျှံမှုတွေကြောင့် မိလ္လာနဲ့ သန့်ရှင်းရေး အကျပ်အတည်း ပိုဆိုးလာနေချိန်မှာ ဝင်ရောက်ခွင့် နှောင့်နှေးကြန့်ကြာနေမှုတွေက ပါလက်စတိုင်း ပြည်သူတွေကို ကြိုတင်ကာကွယ်နိုင်တဲ့ ဒုက္ခဆင်းရဲတွေဆီ တွန်းပို့နေတာ ဖြစ်တယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။
လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ အဖွဲ့ဝင်နိုင်ငံတွေက ဝယ်ယူထားတဲ့ အဲဒီတဲတွေဟာ ဂါဇာဒေသအပြင်ဘက်မှာ ရောက်ရှိ စောင့်ဆိုင်းနေကြပြီး အဲဒီထဲက တဲအလုံးရေ ၁၁၇,၀၀၀ လောက်ဟာ အယ်လ်-အာရစ်ရှ်မြို့မှာ ရှိနေတယ်လို့ ကုလသမဂ္ဂ ဒု-ပြောရေးဆိုခွင့်ရှိသူ ဖာဟန် ဟတ်ခ်က ပြောပါတယ်။
“ခွင့်ပြုချက်ရတာနဲ့ တပြိုင်နက် ဒီတဲတွေကို သွင်းယူဖို့ အသင့်ရှိနေပြီး ကလေးငယ်တွေ အပါအဝင် လူတွေ ရေကြီးရေလျှံမှုထဲ နစ်မြုပ်သေဆုံးခဲ့ရကြောင်းနဲ့ ကူညီထောက်ပံ့ရေးပစ္စည်းတွေ ပေးပို့ရာမှာ ဘယ်လို နှောင့်နှေးကြန့်ကြာမှုမျိုးမှ မရှိသင့်ဘူး”လို့လည်း ဟတ်ခ်က ပြောပါတယ်။
ဂါဇာဒေသမှာ ရေဆိုးသန့်စင်စက်ရုံတရုံမှ လည်ပတ်နိုင်ခြင်း မရှိတော့ဘူးလို့လည်း သူက ဆိုပါတယ်။
ဂါဇာမြို့က ရှိတ် ရက်ဒ်ဝမ် မိုးရေစုကန်မှာ ရေစုပ်စက် ၆ လုံးရှိတဲ့အထဲ ၂ လုံးသာ လည်ပတ်နိုင်တော့တဲ့အတွက် အဲဒီနေရာမှာ မိုးရေနဲ့ မိလ္လာရေဆိုးတွေ ရောနှောပြီး ကန်လျှံကျလာမဲ့ အန္တရာယ် ရှိနေပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အကြီးအကဲ တွမ် ဖလက်ချာကလည်း နယ်စပ်ဖြတ်သန်းရေးဂိတ်အားလုံးကို ဖွင့်လှစ်ပေးဖို့နဲ့ ကုန်သွယ်ရေး ဈေးကွက်တွေ ပြန်လည်ပတ်နိုင်ဖို့ တောင်းဆိုလိုက်ပါတယ်။
ကြိုတင်ခန့်မှန်းနိုင်ပြီး တားဆီးကာကွယ်နိုင်တဲ့ ဒီဆင်းရဲဒုက္ခတွေကို အဆုံးသတ်လိုက်ဖို့ သူက ပြောကြားလိုက်ပြီး ဒီကိစ္စမှာ ကမ္ဘာကြီးအနေနဲ့ ဘာမှမလုပ်နိုင်ဘဲ လက်ပိုက်ကြည့်နေရမဲ့ အခြေအနေမျိုး မဟုတ်ပါဘူးလို့လည်း ဆိုပါတယ်။
Source: Reuters











