
ရန်ကုန်မြို့က ကုလသမဂ္ဂရုံးရှေ့မှာ စစ်အာဏာရှင်အုပ်စုရဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို ဆန့်ကျင်ရှုတ်ချတဲ့အနေနဲ့ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က ပိုစတာချိတ်ဆွဲတဲ့ လှုပ်ရှားမှုတခုကို ဒီကနေ့ နိုဝင်ဘာ ၁၃ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
ရန်ကုန်မှာ လုံခြုံရေးတင်းကျပ်မှုတွေ ရှိနေတဲ့ ကြားထဲကနေ အခုလို လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ပိုစတာမှာ မင်းအောင်လှိုင်နဲ့ လက်ဆွဲနှုတ်ဆက်တာဟာ လူမျိုးတုံးသတ်ဖြတ်မှုကို အားပေးတာလို့ အဓိပ္ပာယ်ရတဲ့ “SHAKING HANDS WITH MIN AUNG HLAING SHAKES HANDS WITH GENOCIDE” စာသားကို ရေးသားထားတာ ဖြစ်ပါတယ်။
ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ ဟာ ဒီလှုပ်ရှားမှုကတဆင့် ပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှုတွေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့ စစ်အာဏာရှင်မင်းအောင်လှိုင်နဲ့ စစ်အုပ်စုကို နိုင်ငံတကာအသိုက်အဝန်း၊ အာဆီယံနဲ့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ တရားဝင်ဆက်ဆံခြင်း၊ စီးပွားရေးအရ ပူးပေါင်းပါဝင်ပတ်သက်ခြင်းနဲ့ သံတမန်ရေးရာအရ ပူးပေါင်းဆောင်ရွက်ခြင်းတွေ မပြုလုပ်ကြဖို့တိုက်တွန်းထားတာပါ။
စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်တာဟာ မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးနစ်နာစေရုံသာမက စာသင်ကျောင်း၊ ဆေးရုံ၊ စစ်ဘေးရှောင်စခန်း၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေနဲ့ ဘာသာရေးပွဲတော်တွေအပေါ် လူမဆန် ရက်စက်စွာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကို မျက်ကွယ်ပြု လျစ်လျူရှုရာ ရောက်ကြောင်း တိုက်တွန်း ထုတ်ပြန် ထားပါတယ်။
Photo: Yangon 4 Brothers











