
ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ “အာနာဘ်” (ARNAB) ဆိုင်ကလုန်းမုန်တိုင်းဟာ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိနေပြီး မုန်တိုင်းရဲ့အရှိန်ကြောင့် နေပြည်တော်၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း မိုးဇလဌာနက အောက်တိုဘာ ၂၇ ရက် မနက်ပိုင်းမှာ သတိပေး ထုတ်ပြန်ပါတယ်။
ဒီကနေ့ မနက် ၅ နာရီခွဲ တိုင်းထွာချက်အရ မုန်တိုင်းဟာ ကိုကိုးကျွန်းရဲ့ အနောက်မြောက်ဘက် ရေမိုင် ၄၄၀ ခန့်နဲ့ အိန္ဒိယနိုင်ငံ ဗီဆာကာပတ္တနမ်မြို့ရဲ့ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၁၉၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး အနောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားနေကြောင်း သိရပါတယ်။
မိုးဇလဌာနရဲ့ ဒီနေ့ညနေအထိ ခန့်မှန်းချက်အရ နေပြည်တော်၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး တချို့နေရာနဲ့ ချင်းပြည်နယ်မှာတော့ နေရာကွက် မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။
မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ နေရာစိပ်စိပ် မိုးရွာနိုင်ပြီး ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ရခိုင်၊ ကယား၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲ မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားပါတယ်။ ရန်ကုန်၊ မန္တလေးမြို့နဲ့ နေပြည်တော်ဘက်မှာ မိုးရွာနိုင်ခြေ ၁၀၀ ရာခိုင်နှုန်း ရှိပါတယ်။
လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ အရှေ့ပိုင်းမှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းနေပြီး မိုးတိမ်တောင်တွေ ရွေ့လျားရာ လမ်းကြောင်းတလျှောက် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်းတို့ ဖြစ်ပေါ်နိုင်တယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။
မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်းတလျှောက်မှာ မိုးသက်လေပြင်း ကျရောက်နိုင်ပြီး လေတိုက်နှုန်း ၁ နာရီ မိုင် ၃၀ မှ ၃၅ မိုင်အထိ ရှိနိုင်ကာ လှိုင်းအမြင့် ၈ ပေမှ ၁၀ ပေခန့်အထိ မြင့်တက်နိုင်ပြီး မုတ္တမကွေ့နဲ့ မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက်မှာလည်း မိုးသက်လေပြင်း ကျရောက်ပါက ၁ နာရီ ၂၅ မိုင်မှ ၃၀ မိုင်အထိ တိုက်ခတ်ပြီး လှိုင်းအမြင့် ၇ ပေမှ ၉ ပေခန့်အထိ ရှိနိုင်ကြောင်း ခန့်မှန်းထားပါတယ်။
မုန်တိုင်းအရှိန်ကြောင့် လာမဲ့ ၂ ရက်အတွင်း တနင်္သာရီတိုင်းဒေသကြီးနဲ့ ချင်းပြည်နယ်တို့မှာ မိုးဆက်လက်ပိုနိုင်ကြောင်း မိုးဇလဌာနက သတိပေးထားပါတယ်။











