
အိန္ဒိယနိုင်ငံ၊ အန်ဒရာပရာဒေ့ရှ်ပြည်နယ်၊ ဗီဇာခါပတ္တနမ်မြို့မှာ အရှေ့ဘက်ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အားကောင်းတဲ့ အာနာဘ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် လမ်းမကြီးတွေပေါ် သစ်ပင်တွေ လဲကျတာ၊ လျှပ်စစ်မီးတိုင်တွေ ကျွတ်ထွက်တာတွေ ဖြစ်ခဲ့ပြီး လူထောင်ပေါင်းများစွာ ဘေးလွတ်ရာမှာ ခိုလှုံနေကြရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
မုန်တိုင်းမဝင်ခင်ကတည်းက အန်ဒရာပရာဒေ့ရှ်နဲ့ ဩဒိသျှ ပြည်နယ်တွေကနေ လူပေါင်း ၁၈၀,၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့တာပါ။
ပြည်နယ် ၂ ခုစလုံးမှာ လူအသေအပျောက်သတင်း မရှိသေးပေမဲ့ လျှပ်စစ်မီး ပြတ်တောက်တာနဲ့ သစ်ပင်လဲကျတာတွေ ဖြစ်ခဲ့ပါတယ်။ ကျောင်းတချို့ ပိတ်ထားရသလို ရထားနဲ့ လေကြောင်းခရီးစဉ် တချို့လည်း ဖျက်သိမ်းခဲ့ရပါတယ်။
အိန္ဒိယ မိုးလေဝသဌာနရဲ့ သတ်မှတ်ချက်အရ တတိယမြောက် အပြင်းထန်ဆုံးအဆင့်ဖြစ်တဲ့ ‘အားပြင်းဆိုင်ကလုန်းမုန်တိုင်း’ အဖြစ် သတ်မှတ်ထားတဲ့ အာနာဘ်မုန်တိုင်းဟာ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ ယာနမ်မြို့ရဲ့ တောင်ဘက်၊ ဘာပတ္တလာနဲ့ ဗီဇာခါပတ္တနမ်မြို့တွေကြားကတဆင့် အန်ဒရာပရာဒေ့ရှ် ကမ်းရိုးတန်းကို စတင်ဝင်ရောက်ခဲ့တာပါ။
မုန်တိုင်း ကုန်းတွင်းဝင်စဉ် ဖြစ်စဉ်ဟာ ၂ နာရီမှ ၃ နာရီအထိ ကြာမြင့်မှာဖြစ်ပြီး မုန်တိုင်းဗဟိုချက်ဟာ ကုန်းတွင်းပိုင်းကို အပြည့်အဝ ဝင်ရောက်သွားပြီလို့ မိုးလေဝသဌာနက ဆိုပါတယ်။
မုန်တိုင်းဟာ အစပိုင်းမှာ အနောက်မြောက်ဘက်ကို ဖြည်းဖြည်းချင်း ရွေ့လျားမှာဖြစ်ပြီး အဲဒီကတဆင့် မြောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားကာ ချာတစ်စ်ဂါပြည်နယ်ကို ဖြတ်သန်းပြီး ဩဒိသျှပြည်နယ်ဘက်ကို ဦးတည်လာမှာဖြစ်ကာ အဲဒီဒေသတွေမှာလည်း မိုးရွာသွန်းပြီး လေပြင်းတွေ တိုက်ခတ်မှာ ဖြစ်ပါတယ်။
ကမ်းရိုးတန်းတလျှောက်က တံငါသည်တွေကို ပင်လယ်မထွက်ကြဖို့ သတိပေးထားပြီး ငါးဖမ်းစက်လှေတွေကို ကမ်းစပ်မှာ ချည်နှောင်ထားကြပါတယ်။
သီးနှံတွေ၊ သက်ကယ်မိုးအိမ်တွေနဲ့ ဆက်သွယ်ရေးလိုင်းတွေ ထိခိုက်ပျက်စီးနိုင်တယ်လို့ မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။
ဩဒိသျှပြည်နယ် ဂိုပါလ်ပူရ်ကမ်းခြေမှာလည်း လှိုင်းလုံးကြီးတွေ ရိုက်ခတ်နေပြီး လေပြင်းတွေ တိုက်ခတ်နေတာပါ။
တနာရီ ၁၂၅ ကနေ ၁၃၅ ကီလိုမီတာနှုန်းနဲ့ တိုက်ခတ်နိုင်ပြီး တနာရီ ၁၅၀ ကီလိုမီတာ (၉၃ မိုင်) အထိ လေပြင်းတိုက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဒါ့အပြင် ပုံမှန် ဒီရေထက် ၁ မီတာကနေ ၁ ဒသမ ၅ မီတာအထိ မြင့်တက်လာနိုင်တဲ့ မုန်တိုင်းဒီရေကြောင့် အန်ဒရာပရာဒေ့ရှ်ပြည်နယ်က မြေနိမ့်ပိုင်းဒေသတွေ ရေလွှမ်းနိုင်ခြေ ရှိပါတယ်။
အန်ဒရာပရာဒေ့ရှ်ပြည်နယ်ရှိ လေဆိပ် ၃ ခုရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကိုလည်း ယာယီရပ်ဆိုင်းထားတယ်လို့ အိန္ဒိယ လေကြောင်းပျံသန်းရေး ဝန်ကြီးဌာနက ပြောပါတယ်။
Source: Reuters











