
အိန္ဒိယနိုင်ငံ အန်ဒရာပရာဒေ့ရှ်ပြည်နယ် အရှေ့ပိုင်းကမ်းရိုးတန်းကို ဘင်္ဂလားပင်လယ်အော်ကနေ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း အာနာ့ဘ် ဝင်ရောက်တိုက်ခတ်ခဲ့လို့ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတွေတိုက်ခတ်ကာ အနည်းဆုံး လူ ၃ ယောက် သေဆုံးခဲ့ရသလို နေအိမ်တွေနဲ့ စိုက်ခင်းများစွာလည်း ပျက်စီးခဲ့ရတယ်လို့ အောက်တိုဘာ ၂၈ ရက်မှာ တာဝန်ရှိသူတွေက ပြောပါတယ်။
အိန္ဒိယမိုးလေဝသဌာနရဲ့ အဆင့်သတ်မှတ်ချက်မှာ တတိယအမြင့်ဆုံးအဆင့်ဖြစ်တဲ့ “အလွန်အားပြင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း” အဖြစ် သတ်မှတ်ထားတဲ့ အဲဒီမုန်တိုင်းရဲ့ ဗဟိုချက်ဟာ အိန္ဒိယတောင်ပိုင်း ယာနမ်ကမ်းရိုးတန်းကနေ ပြည်နယ်ထဲကို စတင်ဝင်ရောက်ခဲ့ပြီး ကုန်းတွင်းပိုင်းအထိ အပြည့်အဝ ရွေ့လျားသွားခဲ့တာပါ။
အမျိုးသားသဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးတပ်ဖွဲ့ (NDRF) မှ အဆင့်မြင့်အရာရှိ နာရန္ဒြာဆင်းန် ဘန်ဒဲလာက “အန်ဒရာပရာဒေ့ရှ်ပြည်နယ်က ထိခိုက်မှုအများဆုံးဖြစ်ပြီး ဘေးချင်းကပ်လျက်ရှိ ဩဒိသျှပြည်နယ်မှာတော့ ကြီးကြီးမားမား ထိခိုက်မှုမရှိသေးပေမဲ့ မိုးရွာထားတာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေကို သတိပေးချက် ထုတ်ပြီး အသင့်ပြင်ခိုင်းထားပါတယ်” လို့ ပြောပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင် ၂၂၀ ကျော် ပြိုလဲခဲ့ကာ နေရာအတော်များများမှာ လျှပ်စစ်မီးတွေ ပြတ်တောက်ခဲ့ပါတယ်။
သေဆုံးသူတွေထဲက ၂ ယောက်ကတော့ သစ်ပင်ပြိုလဲလို့ ပိမိတာနဲ့ လျှပ်စစ်ဓာတ်လိုက်တာကြောင့် သေဆုံးခဲ့ရတာလို့ ပြည်နယ်ဝန်ကြီးချုပ်ရုံး အရာရှိတွေက ဆိုပါတယ်။
ဒါ့အပြင် ရေဘေးသင့်ဒေသခံတွေကို စာသင်ကျောင်းတွေမှာ ဖွင့်ထားတဲ့ ယာယီ ကယ်ဆယ်ရေးစခန်းတွေကို ရွှေ့ပြောင်းပေးထားရပါတယ်။
နေအိမ်တွေထဲ ရေဝင်ရောက်မှုကြောင့် တီဗီ၊ ရေခဲသေတ္တာ အပါအဝင် အိမ်သုံးပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်းတွေနဲ့ ထောက်ပံ့ထားတဲ့ ဆန်တွေပါ ရေစိုပျက်စီးသွားခဲ့တာမို့ မိသားစု အတော်များများမှာ ဝတ်ထားတဲ့ အဝတ်အစားတခုတည်းပဲ ကျန်တော့တယ်လို့ ဒေသခံတွေက ပြောပြကြပါတယ်။
Source: Reuters











