
အီကွေတာအနီး အပူပိုင်းပစိဖိတ်သမုဒ္ဒရာရဲ့ ပင်လယ်ရေမျက်နှာပြင်အပူချိန်ဟာ ပုံမှန်အထက် ၂ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်မှ ၂ ဒသမ ၈ ဒီဂရီဆဲလ်စီးယပ်အထိ ဆက်လက်မြင့်တက်လာကြောင်း စစ်အာဏာရှင်လက်အောက်ခံ မိုးဇလဌာနက နိုဝင်ဘာ ၁ ရက်မှာ အသိပေး ထုတ်ပြန်လိုက်ပါတယ်။
ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်နဲ့ နိုင်ငံတကာရာသီဥတုဗဟိုဌာနများရဲ့ ခန့်မှန်းချက်အရ လက်ရှိ လေထုဖြစ်စဉ်ကို ကြည့်ရင် အားအလွန်ကောင်းတဲ့ အယ်လ်နီညို အခြေအနေမှာ တည်ရှိနေပြီး ၂၀၂၆ နိုဝင်ဘာနဲ့ ဒီဇင်ဘာမှာတော့ အမြင့်ဆုံးအခြေအနေကို ရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။
အယ်လ်နီညိုဖြစ်စဉ်ဟာ ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်ပေါ်တဲ့ဖြစ်စဉ် ဆိုပေမဲ့ အကျိုးသက်ရောက်မှုကြောင့် မိုးရွာသွန်းမှုပုံစံ မူမမှန်တာ၊ မုန်တိုင်းဖြစ်ပေါ်မှု မူမမှန်တာ၊ လာမဲ့ ဆောင်းရာသီနဲ့ နွေရာသီကာလမှာ အပူချိန် မြင့်မားတာနဲ့ မိုးခေါင်ရေရှားတာ စတဲ့ အစွန်းရောက် မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တယ်လို့ အသိပေးထားပါတယ်။
မိုးလေဝသ လေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်ရဲ့ သုံးသပ်ချက်အရ အယ်လ်နီညိုဖြစ်စဉ်ဟာ အခုနှစ် ဒီဇင်ဘာလမှ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း အားအကောင်းဆုံးအဆင့်မှာ ရှိနေနိုင်ပြီး ၂၀၂၇ ခုနှစ်၊ မတ်လမှ မေလအတွင်း တဖြည်းဖြည်း အားလျော့သွားကာ ဇွန်၊ ဇူလိုင်လောက်မှာ ပုံမှန်ရာသီဥတုဆီ ပြန်လည်ရောက်ရှိနိုင်တယ်လို့ ပြောပါတယ်။
အယ်လ်နီညိုကြောင့် အပူချိန်မြင့်မားပြီး မိုးရွာသွန်းမှု လျော့နည်းကာ မြစ်ချောင်း၊ အင်းအိုင်၊ ရေတွင်း၊ ရေကန်တွေမှာ ရေနည်းပါးတာနဲ့ သောက်သုံးရေ၊ စိုက်ပျိုးရေ ပြတ်လပ်တာတို့ ဖြစ်ပေါ်နိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ရေလှောင်တမံတွေမှာ ရေဝင်ရောက်မှု နည်းပါးပြီး ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မှု လျော့ကျလို့ လျှပ်စစ်ဓာတ်အား လိုအပ်ချက် မြင့်မားလာနိုင်တယ်လို့ ဆိုပါတယ်။
အပူရှပ်ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်းနဲ့ ရေရှားပါးမှုမှတဆင့် ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်ပွားနိုင်တာကြောင့် အများပြည်သူအနေနဲ့ ကျန်းမာရေးသတိပြုဖို့လည်း သတိပေးထားပါတယ်။
သက်ဆိုင်ရာကဏ္ဍအလိုက် အဆိုပါ သက်ရောက်မှုတွေကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြဖို့ စစ်အာဏာရှင်လက်အောက်ခံ မိုး/ဇလဌာနက ထုတ်ပြန်ချက်မှာ အကြံပြုထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း အယ်လ်နီညိုဖြစ်စဉ်ကြောင့် စစ်ကိုင်းတိုင်း စစ်ဘေးရှောင်စခန်းမှာ ဖျားနာသူ များခဲ့ပါတယ်။
အောက်တိုဘာ ၇ ရက်ကနေ ၂၀ ရက်အတွင်း သထုံ၊ မော်လမြိုင်၊ တောင်ငူ၊ ကျောက်တံတား၊ မရမ်းကုန်းနဲ့ တောင်ဥက္ကလာမှာလည်း အပူရှိန်ကြောင့် အမျိုးသား၊ အမျိုးသမီး ၅ ယောက် သေဆုံးခဲ့ပြီး ၁၂ ယောက် ဆေးရုံတင်ထားရပါတယ်။
ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် (WMO) ရဲ့ ထုတ်ပြန်ချက်တွေအရ အခုနှစ်ကုန်ပိုင်းမှာ အယ်လ်နီညိုဟာ အမြင့်ဆုံးရောက်နိုင်ပြီး စူပါအယ်လ်နီညိုဖြစ်စဉ်ကြောင့် ကမ္ဘာတဝန်းက လူဦးရေ ၄ သိန်းခွဲကျော် သေဆုံးနိုင်ပြီး သေဆုံးမှု အများဆုံးဖြစ်နိုင်တဲ့ စာရင်းမှာ မြန်မာနိုင်ငံဟာ အဆင့် ၅၀ မှာ ပါဝင်နေတယ်လို့ ဖော်ပြပါတယ်။











