DVB Logo
Home
မြန်မာသတင်း
အယ်လ်နီညိုကြောင့် ကရင်နီတွင် ရေရှားပါးမှုကြိုတင်ပြင်ဆင်ရန် သတိပေး
သီရိ
·
November 5, 2026
အယ်လ်နီညိုကြောင့် ကရင်နီတွင် ရေရှားပါးမှုကြိုတင်ပြင်ဆင်ရန် သတိပေး
Donate to DVB

အယ်လ်နီညိုကာလ ကရင်နီပြည်နယ်မှာ ရေထွက်ပေါက်တချို့ ရေအထွက်နည်းလာလို့ ရှေ့လျှောက် ရေပိုပြီးရှားနိုင်လာတာကြောင့် စစ်ဘေးရှောင်တွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားကြဖို့ စစ်ရှောင်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။

၂၀၂၆ စက်တင်ဘာကစပြီး ကြုံနေရတဲ့ အယ်လ်နီညိုဖြစ်စဉ်ဟာ အမြင့်ဆုံးအဆင့်ကို ရောက်နေပြီ ဖြစ်ပါတယ်။

အဲဒီ အယ်လ်နီညိုဖြစ်စဉ်ဟာ ၂၀၂၇ ဖေဖော်ဝါရီလမှာမှ အားပြန်လျော့မှာ ဖြစ်ပါတယ်။ အယ်လ်နီညိုကာလ ရာသီဥတုမမှန်တဲ့အတွက် အရင်နှစ်တွေကထက် ရေပိုရှားနိုင်တယ်လို့ ကရင်နီပြည်နယ်က စစ်ဘေးရှောင်တွေက ပြောပါတယ်။ 

နိုဝင်ဘာလဟာ ကရင်နီဒေသမှာ ရာသီဥတုအေးရမှာ ဖြစ်ပေမဲ့ လက်ရှိမှာတော့ မနက်ခင်းမှာ အေးပြီး နေ့ခင်းတွေနဲ့ ညနေမှာ မိုးရွာတာနဲ့ နေပူတာ တလှည့်စီ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကရင်နီပြည်နယ်မှာ နှစ်စဉ် ဒီဇင်ဘာလ နှောင်းပိုင်းလောက်ကစလို့ ရေရှားပါးမှုတွေ စကြုံတွေ့ပြီး အလှူရှင်တွေကိုသာ အားကိုးနေရတာ ဖြစ်ပါတယ်။

ဒီနှစ်မှာတော့ ဒီးမော့ဆိုမြို့နယ်က ကျေးရွာတချို့မှာ အခု နိုဝင်ဘာလဆန်းကစပြီး ရေထွက်ပေါက်တွေ ပိတ်သွားတဲ့အတွက် ရေရှားပါးမှုနဲ့ စတင်ကြုံတွေ့နေရပြီလို့ ဆိုပါတယ်။

ရေထွက်ပေါက်မှာ ရေထွက်နည်းသွားတဲ့အတွက် အခုကတည်းက ရေကို ချွေတာသုံးစွဲပြီး သိုလှောင်ထားသင့်တယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

လက်ရှိမှာတော့ အရင်ရေထွက်တဲ့နေရာတွေမှာ ရေမထွက်တော့လို့ ၄ မိုင်လောက် ဝေးတဲ့နေရာကို သွားပြီး ရေခပ်ရမဲ့အကြောင်း စစ်ရှောင်အရေး အကူအညီပေးနေသူတယောက်က ပြောပြပါတယ်။

“ခါတိုင်းထက်ကို ဒီနှစ်က ရေထွက်ပေါက် ပိုပိတ်မယ်ဆိုပြီး မျှော်လင့်တယ်။ ကျနော်တို့ အနားမှာရှိနေတဲ့ ပုံမှန် ပီကင်းဘက်ကနေ ရေထွက်ပေါက်လာမဲ့နေရာဆို ဒီနားကနေ ကျနော်တို့ ရေစုပ်ပြီး လှူလို့ရတယ်။ ဒီနှစ်က ရေကို လုံးဝမရှိတာ အဲ့လိုမျိုးတွေပေါ့။ ပြီးခဲ့တဲ့ မိုးတွင်းမှာ မိုးတွေ အသားကုန်ရွာပြီးတော့ မြေကြီးရဲ့အောက်တွေမှာ ရေထွက်ပေါက်တွေ ရှိတယ်လေ။ အဲ့ကနေ ထွက်လာတဲ့နေရာမှာ ရေဝပ်တဲ့နေရာတွေဆိုရင် အခု ကျနော်တို့ အိမ်ဘေးနားမှာရှိတဲ့ ရေဝပ်ဧရိယာမှာဆိုရင် ရေလုံးဝမရှိဘူး။ ပြီးရင် ဟိုဘက် စစ်ရှောင်တွေအောက်မှာဆိုရင် လုံးဝ ရေမရှိဘူး။ အဲ့တော့ ကျနော်တို့က ဒီနှစ်ကို သွားခပ်ရမှာက ထုံးစံအတိုင်း ချယ်ရီကုန်း ရေထွက်ပေါက်မှာ ခပ်ရင်ခပ်၊ မခပ်ရင် နန့်ဆန် ပူးချောင်း ၄ မိုင်ဘက်မှာ သွားခပ်ရမှာ ၂ နေရာပဲရှိတယ်။”

ရေထွက်နေတဲ့ ရေထွက်ပေါက်တွေဟာလည်း အပူရှိန်ကြောင့် အရင်နှစ်တွေကထက် ဒီနှစ်မှာ ရေထွက်တဲ့နှုန်း သိသိသာသာ ကျလာတာကို တွေ့ရတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

ရေဝယ်သုံးရတဲ့ စစ်ရှောင်စခန်းတွေမှာလည်း စက်သုံးဆီ ရှားပါးတာကြောင့် အရင်ကထက်‌ ရေဝယ်သုံးရတဲ့ ဈေးနှုန်းတွေလည်း မြင့်လာတယ်လို့ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်တယောက်က ပြောပါတယ်။

“အခုက ဒီဘက်မှာ မိုးက ဝေးဝေးတခေါက် ရွာနေသေးတယ်ဆိုတော့၊ ရေကတော့ သိပ်မရှားသေးဘူးပေါ့။ ဒါပေမဲ့ ကြားထဲမှာ နည်းနည်းပျက်သွားရင်‌တော့ ဝယ်ထည့်ရမဲ့ အခါတော့ ရှိတယ်။ ရေဈေးကတော့ အရင်တုန်းကထက် နည်းနည်းပိုတက်သွားတယ်။ အရင်တုန်းက ကားတစီးကို ၇၀,၀၀၀ ဆိုရင် အခုက ၁၀၀,၀၀၀။ အရင်တုန်းက ၅၀,၀၀၀ ဆိုရင် အခုက ၈၀,၀၀၀၊ ၉၀,၀၀၀ အဲ့လောက်ရှိပြီ။ ဆီဈေးကလည်း တက်သွားတော့ ဓာတ်ဆီက တလီတာကို ၇,၀၀၀ ကနေ တချို့နေရာတွေမှာဆို ၈,၀၀၀၊ ၁၀,၀၀၀ လောက်အထိ ပေါက်သွားတယ်။ နည်းနည်း ခက်ခဲသွားတယ်။ အရှေ့ဆိုရင် ပိုပြီးတော့ ခက်ခဲမယ်လို့ထင်တယ်။”

အယ်လ်နီညိုကာလမှာ ပြည်သူတွေအနေနဲ့ ထိခိုက်မှု များလာနိုင်တာကြောင့် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အနေနဲ့လည်း ပြင်ဆင်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ကရင်နီဒေသထဲက စစ်ဘေးရှောင်ပြည်သူတွေအတွက် အယ်လ်နီညိုကာလ ကျန်းမာရေး စောင့်ရှောက်မှု၊ မီးဘေးအန္တရာယ်နဲ့ ရေရရှိရေးအတွက် အဓိကထားပြီး ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ၂ ကိုဗညားခွန်အောင်က ပြောပါတယ်။

“လူစာနာ ဌာနကနေတော့ ရေပေါ့၊ အရေးပေါ်မှပဲ သုံးလို့ရအောင် ပျက်စီးနေတဲ့ ရေလှောင်ကန်တွေကို ပြန်ဖော်ပြီး ပြန်ပြုပြင်တာတွေ ရေတွေ ဖြည့်တင်းထားတာတွေပေါ့နော်။ လက်ရှိ ပကတိရှိနေတဲ့ ရေကိုတော့ သုံးပေါ့နော။ ဒါပေမဲ့ သီးသန့်ဖြည့်တင်းထားတဲ့ ရေလှောင်ကန်တွေကိုတော့ တကယ့်ကို ရေရှားပါး လုံးဝကို ရေပြတ်လပ်တဲ့အချိန်မှ သုံးဖို့ဆိုပြီးတော့ အစီအမံတွေပေါ့နော်။ စားနပ်ရိက္ခာဆိုင်ရာလည်း အရေးပေါ်တုံ့ပြန်နိုင်အောင်ဆိုပြီးတော့မှာ အကြမ်းဖျင်းကတော့ အဲ့လိုမျိုး လုပ်ထားတာ ရှိတယ်ပေါ့နော်။”

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ စာရင်းတွေအရ ကရင်နီဒေသမှာ စစ်ရှောင်ဦးရေ နှစ်သိန်းခွဲဝန်းကျင်ရှိပြီး သူတို့အတွက် အထောက်အပံ့တွေ လုံလောက်အောင် မရတာကြောင့် စားဝတ်နေရေးအတွက် ရုန်းကန်နေကြရတာပါ။

ဒီလိုအခြေအနေမှာ အယ်လ်နီညိုကြောင့် ရေရှားတဲ့ဒဏ်ကို ထပ်ခံရမှာဖြစ်ပြီး စစ်ဘေးရှောင် ပြည်သူတွေအနေနဲ့ ရေအရမ်းရှားပါးတဲ့ ကာလမရောက်ခင် ရေကို ချွေတာသုံးစွဲဖို့၊ ရေလှူနိုင်မဲ့ အလှူရှင်တွေနဲ့ ကြိုတင်ချိတ်ဆက်ထားဖို့နဲ့ ရေကို တနိုင်တပိုင် သိုလှောင်ထားဖို့ကိုလည်း အကူအညီပေးနေသူတွေက အကြံပေးထားကြပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013