
ကရင်နီ(ကယား)ပြည်နယ်အတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်သုံးစွဲမှုတွေ မြင့်တက်လာတဲ့အတွက် ပြည်နယ်တဝန်းလုံးမှာ ပူးပေါင်းစစ်ဆေးရေးဂိတ်တွေ ဖွင့်လှစ်ပြီး ထိထိရောက်ရောက် ဖမ်းဆီးအရေးယူသွားမယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) နဲ့ ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့တို့က နိုဝင်ဘာ ၁၂ ရက်မှာ ပူးတွဲညွှန်ကြားချက် ထုတ်ပြန်ပါတယ်။
မူးယစ်ဆေးဝါး ဝင်ရောက်နိုင်တဲ့ လမ်းကြောင်းတွေနဲ့ နယ်စပ်နယ်နိမိတ်တွေမှာ ရဲဌာန၊ အုပ်ချုပ်ရေးအဖွဲ့နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ပါဝင်တဲ့ ပူးပေါင်းစစ်ဆေးရေးဂိတ်တွေ ဖွင့်လှစ်စစ်ဆေးတာ၊ ရှောင်တခင် စစ်ဆေးတာတွေအပြင် မူးယစ်ဆေးချက်လုပ်တဲ့ စက်ရုံနဲ့ စခန်းနေရာတွေကိုပါ ဝင်ရောက်ရှာဖွေ ဖမ်းဆီးသိမ်းဆည်းသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မူးယစ်ဆေးဝါး ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်သူတွေနဲ့ ဆက်စပ်ပစ္စည်း ရောင်းဝယ်လက်ခံသူ ဘယ်သူ့ကိုမဆို ရာထူးအဆင့်အတန်း မခွဲခြားဘဲ ကရင်နီပြည်ကြားကာလ မူးယစ်ဆေးဝါးဆိုင်ရာ မူဝါဒ၊ ရှိရင်းစွဲဥပဒေတွေနဲ့အညီ အရေးယူသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် တော်လှန်ရေးလက်နက်ကိုင် တပ်ဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ အုပ်ချုပ်ရေး အဖွဲ့ဝင်တွေအနေနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုမှာ ကိုယ်တိုင်ပါဝင်တာ ဒါမှမဟုတ် နောက်ကွယ်က အကာအကွယ်ပေး ကူညီထောက်ပံ့တာတွေ စစ်ဆေးတွေ့ရှိရင် တပ်ဖွဲ့နဲ့ ဌာနကနေ ထုတ်ပယ်တဲ့အထိ အရေးယူသွားမယ်လို့ ဆိုပါတယ်။
ပြည်သူလူထုအနေနဲ့လည်း မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို နီးစပ်ရာ ရဲစခန်းနဲ့ အုပ်ချုပ်ရေးအဖွဲ့ထံ လျှို့ဝှက်သတင်းပေးပို့နိုင်ပြီး သတင်းပေးသူရဲ့ ကိုယ်ရေးအချက်အလက်နဲ့ လုံခြုံရေးကို လျှို့ဝှက်ထိန်းသိမ်းပေးမဲ့အပြင် ခိုင်လုံတဲ့ သတင်းပေးပို့မှုတွေအပေါ် ဂုဏ်ပြုအသိအမှတ်ပြုသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ကရင်နီပြည်နယ်တခုလုံးကို လွှမ်းခြုံသက်ရောက်မဲ့ အခုညွှန်ကြားချက်ကို IEC ရဲ့ ကာကွယ်ရေးဌာန၊ ကရင်နီပြည်ရဲဌာန (KSP) တို့နဲ့အတူ ကရင်နီပြည်တပ်မတော် (KA)၊ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (KPLA)၊ ကရင်နီအမျိုးသားငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ (KNPDP)၊ ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) တို့က သဘောတူ ပူးတွဲထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
မောရစ်











