DVB Logo
Home
မြန်မာသတင်း
ကရင်နီ မူးယစ်ဆေးဝါးပြဿနာ ပူးပေါင်းတိုက်ဖျက်ရေး အလုပ်ဖြစ်နိုင်မလား 
မောရစ်
·
November 17, 2026
ကရင်နီ မူးယစ်ဆေးဝါးပြဿနာ ပူးပေါင်းတိုက်ဖျက်ရေး အလုပ်ဖြစ်နိုင်မလား 
Donate to DVB

ကရင်နီပြည်နယ်အတွင်း လူငယ်တွေကြား မူးယစ်ဆေးဝါးသုံးစွဲမှု မြင့်တက်လာနေတာကို ထိန်းချုပ်ဖို့ ကရင်နီတော်လှန်ရေး တပ်ပေါင်းစုံက ပူးပေါင်းစစ်ဆင်ရေး စတင်လုပ်ဆောင်နေ ပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ကာလ ကြာမြင့်လာတာနဲ့အမျှ ကရင်နီပြည်နယ်အတွင်း လူငယ်တွေကြား မူးယစ်ဆေးဝါး သုံးစွဲမှု မြင့်တက်လာတာဟာ စိုးရိမ်စရာ အခြေအနေတခုဖြစ်လာနေပြီလို့ ဒီးမော့ဆို အနောက်ခြမ်းကဒေသခံတွေ နဲ့ စစ်ရှောင်တွေက ပြောပါတယ်။ 

စစ်ရှောင်တယောက်က “အရင်တုန်းကဆိုရင် လေယာဉ်လာရင် ကြောက်ရတယ်။ လေယာဉ်တခုပဲ အဲဒီလိုမျိုး။ ဒါပေမဲ့ အခုဒီနောက်ပိုင်းဆို သူခိုးက ကြောက်ရသေးတယ်၊ ဆေးသမားက ကြောက်ရသေးတယ်။ ဆေးသမားတွေ ဖမ်းမိတယ်၊ ၂ ရက်ဆိုရင် ပြန်လွှတ်ပေးတယ်။ ဘယ်လိုမှ ပိုက်ဆံမပေးနိုင်တဲ့သူဆိုရင် တပတ်ပဲ၊ ပြီးရင် ပြန်လွှတ်လိုက်တယ်”လို့ ပြောပါတယ်။

စစ်ဘေးရှောင်အများစု ခိုလှုံနေတဲ့ ဒီးမော့ဆို အနောက်ခြမ်းက ဆိုင်ခန်းတွေနဲ့ စစ်ရှောင်စခန်းတွေမှာ ဖောက်ထွင်းမှုတွေ မကြာခဏ ကြုံနေရပြီး ကျူးလွန်သူအများစုဟာ မူးယစ်ဆေးဝါး ဝယ်ယူဖို့အတွက် ပြစ်မှုကျူးလွန်ကြတာဖြစ်ပြီး ဖမ်းဆီးအရေးယူမှုပိုင်းမှာ အားနည်းချက်တွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ပြည်ထဲရေးဌာနအောက်က ရဲဌာနခွဲ (KSP) ရဲ့ ၆ လတာ အစီရင်ခံစာ ထုတ်ပြန်ချက်အရလည်း ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ အရေးယူခဲ့တဲ့ အမှုပေါင်း ၆၃ မှုထဲမှာ မူးယစ်ဆေးဝါးမှုက ၂၇ မှုနဲ့ အများဆုံး ဖြစ်နေတာပါ။

ဒါကြောင့် ကရင်နီပြည်အတွင်း မူးယစ်ဆေးဝါးထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်သုံးစွဲမှုတွေ မြင့်တက်လာတာကို ထိထိရောက်ရောက် ဟန့်တားဖို့ IEC နဲ့ ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့တို့ ပူးပေါင်းပြီး နယ်စပ်လမ်းကြောင်းတွေမှာ ပူးပေါင်းစစ်ဆေးရေးဂိတ်တွေ ဖွင့်လှစ်တာ၊ ရှောင်တခင် စစ်ဆေးတာနဲ့ မူးယစ်ဆေးချက်လုပ်တဲ့ စခန်းတွေအထိ ဝင်ရောက်ရှာဖွေ ဖမ်းဆီးသွားမယ်လို့ နိုဝင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒါပေမဲ့ ဒေသခံတွေကတော့ အခုလို စစ်ဆေးနေတာထက် မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့နေရာမှာ တော်လှန်ရေးဘက်က တပ်ပိုင်းဆိုင်ရာတွေ ပါဝင်ပတ်သက်နေတာတွေကို ဖော်ထုတ်အရေးယူဖို့ လိုလားနေကြပါတယ်။

ဒီးမော့ဆိုဒေသခံတယောက်က “ဒီလို အဖမ်းအဆီးလုပ်မယ်ဆိုရင် နည်းနည်းငြိမ်မယ်။ သွေးအေးလာပြီဆိုရင် ပြန်ပေါတာပဲလေ။ နာမည်ကြီးတာက အများအားဖြင့်က အကောင်တွေ၊ အကောင်ကြီးတဲ့သူတွေပဲ ဝင်လုပ်တာ။ အဲ့လိုတွေပဲ နာမည်ကြီးတာ ပြည်သူတွေကတော့  ရှူမယ်၊ ရောင်းဝယ်ဖောက်ကားမယ်၊ အဲ့ဒါပဲ ရှိမယ်ထင်တယ်။ တကယ့်အကြီးကိုင်တာက ပြည်သူမှ မကိုင်တာ။ တကယ် KSP (ကရင်နီပြည်ရဲဌာန) နှိမ်နှင်းလို့ရတာက အိမ်တွင်းရေး ပြဿနာ မိသားစုလင်မယားပြဿနာ၊ ပြီးရင်အသေးအမွှားအဲ့လောက်ပဲ သူတို့ စစ်ဆေးရဲတယ်၊ အမှုတွေအောင်တယ်၊ ပြောရမယ်ဆိုရင် တကယ့်အကောင်တွေနဲ့ပတ်သက်လာရင် အမှုက ဘယ်တော့မှ မအောင်ဘူး”လို့ ပြောပါတယ်။

ဒါကြောင့်လည်း ကရင်နီတော်လှန်ရေး တပ်ပေါင်းစုံက မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ ပူးပေါင်းစစ်ဆင်ရေးမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ ကိုယ်တိုင်ပါဝင်တာ၊ နောက်ကွယ်က အကာအကွယ်ပေးတာတွေ တွေ့ရှိရင် ရာထူးအဆင့်အတန်း မခွဲခြားဘဲ တပ်ဖွဲ့ကနေ အပြီးတိုင် ထုတ်ပယ်ပြီး အရပ်ဘက် တရားရုံးကနေ ပြစ်ဒဏ်ထပ်မံ ချမှတ်သွားမှာ ဖြစ်သလို သတင်းပေးတဲ့ ပြည်သူတွေရဲ့ လုံခြုံရေးကိုလည်း အပြည့်အဝ အာမခံထားတယ်လို့ ဆိုပါတယ်။ 

တော်လှန်ရေး အင်အားစု ၆ ဖွဲ့လုံး ပူးပေါင်းပါဝင်ထားတဲ့ အခုတကြိမ် မူးယစ်ဆေးဝါး အထူးစစ်ဆင်ရေးဟာ ဒေသခံတွေ ဝေဖန်ထောက်ပြနေသလို နောက်ကွယ်က ပါဝင်ပတ်သက်နေတဲ့ အဓိက လက်သည်တွေကို ဘယ်လောက်အထိ ထိထိရောက်ရောက် ဖော်ထုတ်အရေးယူနိုင်မလဲ ဆိုတာကိုတော့ ပြည်သူတွေက စောင့်ကြည့်နေကြပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013