
ပီရူးနိုင်ငံ၊ လီမာမြို့တော်မှာ ရဲတပ်ဖွဲ့ဝင်တွေက ဘီးတပ်ကုလားထိုင်ပေါ်က လူနာတယောက်နဲ့ ကျောင်းသားလေးတွေအဖြစ် ဟန်ဆောင်ရင်း နေအိမ်တလုံးကို နိုဝင်ဘာ ၁၀ ရက်က ဝင်ရောက်စီးနင်းခဲ့ပါတယ်။
အဲဒီအိမ်ကို မူးယစ် ဆေးဝါးအသေးစားရောင်းဝယ် ဖောက်ကားရာနေရာအဖြစ် သုံးနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ပီရူးနိုင်ငံ အမျိုးသားရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ ရုပ်သံမှတ်တမ်းထဲမှာ လူနာအဖြစ် ဟန်ဆောင်ထားတဲ့ ရဲအရာရှိတယောက်က ဘီးတပ်ကုလားထိုင်ပေါ်ကနေ ထရပ်လိုက်ပြီး တူအကြီးစား တလက်နဲ့ နေအိမ်တအိမ်ရဲ့ ဝင်ပေါက်တံခါးကို ရိုက်ခွဲဖျက်ဆီးလိုက်တာကို တွေ့ရပါတယ်။
အဲဒီနောက် တခြားရဲအရာရှိတွေ ရောက်လာပြီး အိမ်အတွင်းပိုင်းက တံခါးတခုကို ထပ်ရိုက်ခွဲ ဝင်ရောက်ခဲ့ကြပါတယ်။
အိမ်ထဲကနေ လူ ၃ ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ရဲတပ်ဖွဲ့က ပြောခဲ့ပြီး၊ ရဲအရာရှိတွေက မူးယစ်ဆေးဝါးလို့ ယူဆရတဲ့ အထုပ်တွေကို စစ်ဆေးနေတာကိုလည်း တွေ့မြင်ရ ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ Green Squad အထူးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး ပီဒရို ရိုဟတ်စ် တစ်ပ်တိုက ဒီလို ဟန်ဆောင်ရတာက ဘယ်သူမှ မထင်မှတ်ထားချိန်မှာ နေရာထဲဝင်နိုင်ဖို့ ရည်ရွယ်တာလို့ ပြောပါတယ်။
Source:Reuters











