DVB Logo
Home
မြန်မာသတင်း
ထိုင်းက မြန်မာမူးယစ်ဝရမ်းပြေး ၁ ဦးကို ဖမ်းဆီးပြီး ပြန်လွှဲပေး 
DVB
·
November 5, 2026
Photo: CCDAC
Photo: CCDAC
Donate to DVB

မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးပြစ်မှုကျူးလွန်ပြီး ထိုင်းနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်သွားတဲ့ ဝရမ်းပြေးတယောက်ကို ထိုင်းတာဝန်ရှိသူတွေက ဖမ်းဆီးကာ မြန်မာဘက်က တာဝန်ရှိသူတွေထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့ CCDAC Myanmar က နိုဝင်ဘာ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။ 

မန္တလေးတိုင်းအတွင်း မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှာ ဂိုဏ်းဖွဲ့ပြီး အဓိက စီမံခန့်ခွဲသူ အောင်ဇော်မင်းခန့်  (၄၂ နှစ်) မှာ ထိုင်းနိုင်ငံ ဘန်ကောက်ကို  ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၇ ရက်က ထွက်ခွာသွားကြောင်း သိရှိရတာကြောင့် မြန်မာတာဝန်ရှိသူတွေက ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဌာန ONCB ထံ အကြောင်းကြားခဲ့ပါတယ်။ 

ထိုင်းနိုင်ငံ တာဝန်ရှိသူက အောင်ဇော်မင်းခန့်ကို ဘန်ကောက် ဟွိုင်ခွမ်နယ်မြေထဲဖမ်းဆီးရမိပြီး  နိုဝင်ဘာ ၃ ရက် ညနေ ၆ နာရီခွဲက ဘန်ကောက်သုဝဏ္ဏဘုမိ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မြန်မာဘက်က တာဝန်ရှိသူတွေလက်ထဲ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ 

အဆိုပါ တရားခံလွှဲပြောင်းရာမှာ ထိုင်းဘက်က ONCB ဌာနမှူး နိုင်းကရိုင်းဆွန် ပက်ပါးနွန်း ဦးဆောင်တဲ့ အဖွဲ့က အပ်နှံပြီး မြန်မာဘက်က ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက တာဝန်ရှိသူတွေ၊ မြန်မာမူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲမှုးကြီး ဇော်လင်းနဲ့ အဖွဲ့က လက်ခံခေါ် ဆောင်ခဲ့ တယ်လို့ သိရပါတယ်။

ဒီမတိုင်ခင် ၂၀၂၆ နှစ်ဆန်းကာလက သာစည်မြို့နယ်ထဲမှာ တရားခံ ၂ ယောက် မောင်းလာတဲ့ကားထဲက စိတ်ကြွဆေးပြား ၅၆ သိန်းကိုလည်းကောင်း၊ ကွင်းဆက် ဖော်ထုတ်ချက်အရ နောက်ထပ်တရားခံ ၆ ယောက်ထံက ကျပ်သန်းပေါင်း ၉,၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေး၊ အိုက်စ်နဲ့ ဘိန်းဖြူတွေ ထပ်မံဖမ်းမိခဲ့တယ်။ အဓိက ကြိုးကိုင်သူမှာ ချမ်းအေးသာ စံမြို့နယ်နေ အောင်ဇော်မင်းခန့် ဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ထိုင်းသတင်းတွေမှာလည်း မြန်မာနိုင်ငံက အလိုရှိနေတဲ့ မူးယစ်ဝရမ်းပြေး အောင်ဇော် မင်းခန့်ကို ထိုင်းမူးယစ်ရဲတပ်ဖွဲ့က စုံစမ်းထောက်လှမ်းပြီး အောက်တိုဘာ ၄ ရက် ညနေပိုင်းမှာတော့  ဘန်ကောက်ရာမ ၉ နယ်မြေရှိ အဆင့်မြင့် ကွန်ဒိုမီနီယံတိုက်ခန်းတခန်းမှာ ဖမ်းဆီးရမိခဲ့ပါတယ်။

မူးယစ်ဆေးဝါးရောင်းဝယ်မှုကြောင့် ရရှိလာတဲ့ ပစ္စည်းတွေလို့ သံသယရှိတဲ့ စုစုပေါင်း ဘတ် ၁၀ သန်းလောက်တန်ဖိုးရှိ နာမည်ကြီး အမှတ်တံဆိပ် နာရီတွေ၊ လက်ကိုင်အိတ်တွေ ၊ Lexus မော်တော်ကားနဲ့ ကွန်ဒိုမီနီယံ တိုက်ခန်းပိုင်ဆိုင်မှု စာချုပ်စာတမ်းတွေပါ သိမ်းဆည်းခဲ့တယ်။ သူဟာ တိုက်ခန်းတွေ ဝယ်ယူပြီး ပြန်လည်အငှါးချထားတယ်လို့  ဆိုပါတယ်။

ခရီးသွားမှတ်တမ်းတွေအရ အောင်ဇော်မင်းခန့်ဟာ  ထိုင်းနိုင်ငံကို  ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နေ့က အိန္ဒိယနိုင်ငံ နယူးဒေလီကနေ  သုဝဏ္ဏဘူမိလေဆိပ်ကို  TG324 လေယာဉ်နဲ့  ဝင် ရောက်ခဲ့ပြီး  ထိုင်းနိုင်ငံမှာရှိတဲ့  နိုင်ငံခြားသား မိသားစုဝင်အဖြစ် နေထိုင်ခွင့် ရရှိထားသူလို့  မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

Source: CCDAC Myanmar/ MGROnline 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013