ဘန်ကောက်သို့ အလုပ်သွားလုပ်မည့် မြန်မာ ၁၉ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံအလယ်ပိုင်း၊ အန်ထောင်းခရိုင်ထဲမှာ ဘန်ကောက်ကို အလုပ်သွားလုပ်မဲ့ မြန်မာနိုင်ငံသား ၁၉ ယောက်၊ ယာဉ်မောင်း မြန်မာနဲ့အတူ ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
နယ်မြေထဲမှာ တရားမဝင်အလုပ်သမားတွေ သယ်ဆောင်လာဖို့ရှိကြောင်း ကြိုတင် သတင်းရတာကြောင့် အဝေးပြေးလမ်းရဲတပ်ဖွဲ့နဲ့ လဝက ရဲတပ်ဖွဲ့က အဖွဲ့ဝင်တွေ ပူးပေါင်းပြီး နိုဝင်ဘာ ၂၄ ရက်က အန်ထောင်းခရိုင် အာရှလမ်းမကြီးပေါ်မှာ စောင့်ကြပ်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအချိန် မီးခိုးရောင်တိုယိုတာ ဗင်ကားတစီး ချိုင်းယိုးမြို့နယ် ချိုင်းယဖုမ်းလမ်း အပိုင်းထဲ ဝင်ရောက်လာတယ်၊ တာဝန်ရှိသူတွေက ရပ်မိန့်ပေးပြီး စစ်ဆေးရာမှာ ကားထဲမှာ အထောက်အထား တစုံတရာမရှိတဲ့ မြန်မာနိုင်ငံသား ၁၉ ယောက်ကို တွေ့ရှိတယ်၊ ယာဉ်မောင်းမှာလည်း အသက် ၄၃ နှစ်အရွယ် မောင်မောင် ဆိုသူ မြန်မာတယောက်ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ဆေးမေးမြန်းချက်အရ မောင်မောင်ဟာ အဲဒီဗဲင်ကားကို တရက် ဘတ် ၂,၈၀၀ နဲ့ ငှားပြီး ချင်းမိုင်ကနေ အဲဒီအလုပ်သမားတွေကို တင်ဆောင်လာခဲ့တယ်၊ သူတို့ကို ဘန်ကောက်ကို ပို့ပေးဖို့ ရှမ်းပြည်နယ်က သူငယ်ချင်းတယောက်ဆီကနေ အလုပ်လက်ခံခဲ့တယ်၊ ပို့ခ တယောက်ကို ဘတ် ၂,၀၀၀ ရတယ်လို့ ပြောပါတယ်။
မောင်မောင်ဟာ ဒီလို လူသယ်တဲ့အလုပ် လုပ်လာတာ ဒါနဲ့ပါဆို ၂ ကြိမ်ရှိပြီ၊ ကားထဲကလူတွေကို အပြင်ကနေ မမြင်နိုင်အောင်လို့ တံခါးမှာ အနက်ရောင်လိုက်ကာတွေ တပ်ထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
တာဝန်ရှိသူတွေက မောင်မောင်ကို တရားမဝင်နိုင်ငံခြားသားတွေ သယ်ဆောင်မှု၊ သူတို့ အဖမ်းမခံရအောင် ကူညီကာကွယ်ပေးမှုတွေနဲ့ အရေးယူသွားမှာဖြစ်ပြီး အထောက်အထားမဲ့ မြန်မာ ၁၉ ယောက်ကိုလည်း နိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုနဲ့ အရေးယူဖို့ ချိုင်းယိုးနယ်မြေ ရဲစခန်းကို ပို့ဆောင်ထားတယ်၊ ဆက်လက်ပြီး အမှုနဲ့ဆက်စပ်တဲ့ တရားမဝင်အလုပ်သမား သယ်ဆောင်တဲ့ ကွန်ရက်ကို စုံစမ်းအရေးယူသွားမယ်လို့ ဆိုပါတယ်။
Source: Khaosod











