DVB Logo
Home
မြန်မာသတင်း

ထိုင်းတွင် ၃ ရက်အတွင်း မိန်းကလေး ၂ ဦး အသတ်ခံရပြီး စွန့်ပစ်ခံရ

DVB
·
November 23, 2026
Photo: เซราะกราวนิวส์
Photo: เซราะกราวนิวส์
Donate to DVB

ထိုင်းနိုင်ငံမှာ ၃ ရက်အတွင်း မြန်မာရွှေ့ပြောင်းမိန်းကလေးတယောက်နဲ့ အမည်မသိ မိန်းကလေးတယောက်တို့ ရက်စက်စွာ အသတ်ခံရပြီး လမ်းဘေးနဲ့ အမှိုက်ပုံမှာ စွန့်ပစ်ခံထားရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ပထမဖြစ်စဉ်မှာ ထိုင်းအရှေ့မြောက်ပိုင်း၊ ဘူရီရမ်ခရိုင်၊ နန်းလောင်းမြို့နယ်ထဲမှာ ဖြစ်တယ်။  ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက် မနက် ၁ နာရီလောက် နန်းလောင်းမြို့နယ်၊ ထိုပက်ပ်ရွာအဝင် အမှတ် ၂၄ လမ်းမကြီးဘေးမှာ ပလတ်စတစ်အိတ်နဲ့ ထုပ်ပြီး မြက်တောထဲ စွန့်ပစ်ထားတဲ့ မိန်းကလေးတယောက် အလောင်းကို ရွာသားတွေ တွေ့ရှိတာကြောင့် ရဲစခန်းကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေ လာရောက်စစ်ဆေးတာမှာ အသက် ၂၀ အရွယ် မိန်းကလေးတယောက် မျက်နှာမှာ ထိုးကြိတ်ခံရပြီး လည်ပင်းညှစ်ခံထားတဲ့ အနေအထားနဲ့ သေဆုံးနေပါတယ်။ အဲဒီနေရာတဝိုက်မှာ လူပြတ်ပြီး စီစီတီဗီကင်မရာလည်း မရှိတာကြောင့် ရဲတွေက မိမိ မိသားစုဝင်အတွင်း ပျောက်ဆုံးသူရှိ၊ မရှိ ကြေညာခဲ့ပါတယ်။

အဆိုပါမြို့နယ်ထဲမှာ ပျောက်ဆုံးသူ မရှိတာကြောင့် မိန်းကလေးဟာ တခြား‌ဒေသမှာ အသတ်ခံရပြီး အဲဒီနေရာမှာ လာစွန့်ပစ်ခံရတာလို့ ခန့်မှန်းပါတယ်။

အဲဒီနောက် မိန်းကလေးရဲ့ ဆံပင်ပုံစံ၊ လက်မှာပတ်ထားတဲ့ ပရိတ်ကြိုးတွေဟာ ပျောက်ဆုံးနေတဲ့ ရှမ်းရွှေ့ပြောင်းမိန်းကလေးတယောက်နဲ့ တူကြောင်း ဆွေမျိုးတွေက ဆက်သွယ်လာတယ်။ အဲဒီကနေ အဆိုပါမိန်းကလေးဟာ အသက် ၁၉ နှစ်ရွယ်  နန်းခမ်းတစ် ခေါ်  ခမ်းကစ် ဆိုသူ မြန်မာနိုင်ငံက ရှမ်းတိုင်းရင်းသူ မိန်းကလေးတယောက် ဖြစ်တယ်ဆိုတာ သိရတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

သူဟာ ထိုင်းနိုင်ငံထဲကို အလည်အပတ်ဗီဇာနဲ့ လွန်ခဲ့တဲ့ ၂ ပတ်လောက်ကမှ ရောက်လာတယ်။ လူမှုကွန်ရက်မှာ အလုပ်ရှာစဉ် အမျိုးသားတယောက်က တလ ဘတ် ၁၅,၀၀၀ နဲ့ အိမ်ဖော်အလုပ် ရှိတယ်လို့ ပြောတာကြောင့် ဘန်ကောက်ကနေ နခွန်းပထုံကို သွားခဲ့တယ်၊ နိုဝင်ဘာ ၁၉ ရက် ညနေပိုင်း အလုပ်ရှင်အမျိုးသား ဆိုသူက လာခေါ်တော့ သူက သူရှိတဲ့တည်နေရာ location ကို သူ့ကောင်လေးဆီ ပို့ထားပါတယ်။

ရဲတွေက location တည်နေရာ ခေါက်ဆွဲဆိုင်ကနေ စီစီတီဗီကင်မရာတွေ ပြန်ကြည့်တာမှာ အလုပ်ရှင်က အနက်ရောင် ဟိုင်းလပ်စ်ကားပေါ်တင်ပြီး  အလောင်းတွေ့တဲ့ နေရာနဲ့ ၄၀ မီတာအကွာ တိုက်ခန်းတခုကို ခေါ်သွားခဲ့တယ်။

ကားပိုင်ရှင် နိုင်းထိမ်းဖတ်ထရ (၄၇ နှစ်) ကို နခွန်းပထုံရှိ နေအိမ်တလုံးမှာ တွေ့ရှိပြီး စစ်ဆေးမြေးမြန်းရာမှာ သူဟာ မိန်းကလေးကို သတ်ဖြတ်စွန့်ပစ်ခဲ့သူလို့ ဝန်ခံသွားပါတယ်။

သူဟာ မိန်းကလေးကို သတ်ဖို့ မရည်ရွယ်ကြောင်း၊ ဗလက္ကာရပြုဖို့ ကြံစည်စဉ် မိန်းကလေးက အတင်းရုန်းကန်ပြီး အော်ဟစ်တယ်၊ သူက အသံမပြုဖို့ ပြောပေမဲ့ မိန်းကလေးက နားမထောင်တဲ့ အပြင် သူ့လက်ကိုပါ ကိုက်လိုက်တဲ့အတွက် လည်ပင်း ၃ ခါ ညှစ်ခဲ့တယ်၊ မိန်းကလေးရဲ့ အလောင်းကို အိတ်ထဲထည့်ပြီး မြက်တောထဲ သွားပစ်တာလို့ ဝန်ခံသွားပါတယ်။

ဘူရီရမ်နယ်မြေရဲတပ်ဖွဲ့က သူ့ကို တမင်ရည်ရွယ်လူသတ်မှု၊ အလောင်းဖျောက်ဖျက်မှုတွေနဲ့ ကနဦး စွဲချက်တင်ထားတယ်။ သူ့ရဲ့ နောက်ကြောင်းရာဇဝင် ပြန်စစ်ဆေးတော့ အရင်က ဘန်ကောက်မှာ တက္ကစီမောင်းပြီး မုဒိမ်းမှု ၃ မှုနဲ့ ခိုးမှုတမှု ကျူးလွန်ထားတယ်လို့ ဆိုပါတယ်။

နောက်ထပ်ဖြစ်စဉ်တခုကတော့ ဘန်ကောက်၊ ဘန်းကပိနယ်မြေ၊ လတ်ဖရောက် လမ်းသွယ် ၁၀၉ ထဲမှာပါ။

နိုဝင်ဘာ ၂၂ ရက် ည ၉ နာရီခွဲလောက်က ရပ်ကွက်ထဲမှာ အလွန်ဆိုးရွားသော အနံ့အသက် နံနေတာကြောင့် အိမ်ရှင်တယောက်က ဘွိုင်းဆိုသူ အမှိုက်ကောက်သမားတယောက်ကို သွားကြည့်ခိုင်းပါတယ်။

အနံ့ထွက်ရာနေရာကို လိုက်ရှာရာမှာ မွေ့ရာဟောင်းတခုနဲ့ ဖိထားတဲ့ အစိမ်းရောင်အိတ်တလုံး တွေ့ပြီး ဖွင့်ကြည့်တာမှာ အသားလိုတွေ့တယ်၊ တုတ်နဲ့ လှန်ကြည့်တာမှာ လူ့ခြေထောက်အပိုင်း တွေ့တာကြောင့် တာဝန်ရှိသူတွေကို တိုင်ကြားလိုက်တယ်လို့ ဆိုပါတယ်။

လတ်ဖရောက် နယ်မြေရဲတပ်ဖွဲ့နဲ့ လုမ့်ကသန်ပရဟိတအသင်းတို့ သွားရောက်စစ်ဆေးရာမှာ အဲဒီအနီးတဝိုက်မှာ နောက်ထပ် ခုတ်ဖြတ်ထားတဲ့ လူ့အစိတ်အပိုင်းတွေ တွေ့ရပြန်တယ်၊ ခါးမှ ခြေထောက်ထိ တပိုင်း၊ လည်ပင်းအောက်မှ ခါးထိတ ပိုင်း၊ လက်နှစ်ဖက်က တပိုင်း၊ မျက်နှာဘယ်ဘက်ခြမ်းမှာ ခြစ်ရာတွေပါတဲ့ အမျိုးသမီး ဦးခေါင်းပြတ်တပိုင်း စုစုပေါင်း ၄ ပိုင်းဖြစ်ပြီး စွန့်ပစ်ထားတဲ့နေရာက တနေရာနဲ့တနေရာ ၅ မီတာခန့် ကွာဝေးတယ်လို့ ဆိုပါတယ်။

အဆိုပါအလောင်းဟာ မည်သူမည်ဝါဆိုတာ မသိသေးဘဲ ဒါဟာ လူသတ် အလောင်းဖျောက်ဖျက်မှုလို့ တာဝန်ရှိသူတွေက ကနဦး သုံးသပ်ထားပြီး လူပျောက်တိုင်ကြားမှုတွေနဲ့ပါ တိုက်ဆိုင်စစ်ဆေးလျက်ရှိတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

စီစီတီဗီကင်မရာ ပြန်စစ်ဆေးချက်အရ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက် ည ၇ နာရီချိန်က အင်္ကျီအဝါရောင် ဂျင်းဘောင်းဘီအပြာရောင်နဲ့ မက်စ် (မျက်နှာဖုံးတပ်) အမျိုးသားတယောက်ဟာ အထုပ်တခုနဲ့ အဲဒီလမ်းထဲ ဝင်လာတာ တွေ့တယ်၊ ဒါပေမဲ့ အလောင်းနဲ့ ပတ်သက်မှု ရှိ၊ မရှိတော့ မသိရသေးဘူး။

တာဝန်ရှိသူတွေက အလောင်းအပိုင်းအစတွေကို မှုခင်းဆရာဝန်နဲ့ စစ်ဆေးဖို့ ရဲဆေးရုံကို ပို့ထားပြီး လူသတ်သမားကို အမြန်ဆုံး ဖမ်းဆီးရမိဖို့ ဆက်လက်စုံစမ်းနေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

Source: CH3 TV News / Khaosod News / Workpoint News

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013