
ထိုင်းနိုင်ငံရောက် မြန်မာဒုက္ခသည်တွေ ဘေးကင်းလုံခြုံပြီး သင့်တင့်လျောက်ပတ်တဲ့ အလုပ်အကိုင်တွေ ရရှိဖို့နဲ့ အလုပ်အကိုင် တည်မြဲစေဖို့အတွက် ဂျပန်အစိုးရနဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) တို့ကြား ၂ နှစ်ကြာ စီမံကိန်းတခုကို သဘောတူ လက်မှတ်ရေးထိုးလိုက်တယ်လို့ ILO က နိုဝင်ဘာ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) က ရန်ပုံငွေ ဂျပန်ယန်းငွေ ၄၇၈ သန်း (အမေရိကန်ဒေါ်လာ ၃ သန်းဝန်းကျင်) ထောက်ပံ့ပေးထားတဲ့ ဒီစီမံကိန်းကို ILO အနေနဲ့ ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ သက်ဆိုင်ရာဝန်ကြီးဌာနတွေအပြင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့နဲ့ နီးနီးကပ်ကပ် ပူးပေါင်း အကောင်အထည်ဖော်သွားမှာလို့ ဆိုပါတယ်။
ဒီသဘောတူညီချက်ကို ဂျပန်အစိုးရ၊ JICA၊ ထိုင်းအစိုးရ၊ UNHCR နဲ့ ဂျပန်စီးပွားရေးလုပ်ငန်းရှင် ကိုယ်စားလှယ်တွေ ရှေ့မှောက်မှာ ထိုင်းနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မာဆာတို အိုတာကာနဲ့ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံဆိုင်ရာ ILO ဌာနေကိုယ်စားလှယ် ရှောင်ယန်ချန်တို့က လက်မှတ်ရေးထိုးခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ထိုင်းအစိုးရရဲ့ မြန်မာဒုက္ခသည်တွေ အလုပ်လုပ်ပိုင်ခွင့် မူဝါဒကို အထောက်အကူပြုဖို့ ရည်ရွယ်တဲ့ ဒီစီမံကိန်းကနေ အောက်ပါလုပ်ငန်းတွေကို လုပ်ဆောင်ပေးသွားမှာပါ။
ဒုက္ခသည်နဲ့ မိသားစုဝင် စုစုပေါင်း ၄,၅၀၀ လောက်ကို လုပ်ငန်းခွင်အကြိုသင်တန်းတွေ ပေးသွားမှာ ဖြစ်သလို ဒုက္ခသည်စခန်းတွေထဲမှာလည်း ဆရာဖြစ်သင်တန်းတွေ ပို့ချပေးသွားမှာ ဖြစ်ပါတယ်။ ဒုက္ခသည်စခန်းတွေနဲ့ ခရိုင်ရုံးတွေမှာ အလုပ်အကိုင် ချိတ်ဆက်ရှာဖွေပေးတဲ့ ဝန်ဆောင်မှုတွေကို အားကောင်းအောင် လုပ်ဆောင်မယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံအတွင်းက ဂျပန်ကုမ္ပဏီတွေနဲ့ သူတို့ရဲ့ ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်လုပ်ငန်းတွေ အပါအဝင် အလုပ်ရှင်တွေဆီ တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်ပေးမယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးပါတယ်။
အလုပ်သမားတွေနဲ့ မိသားစုဝင်တွေအတွက် အလုပ်သမားရေးရာ အကာအကွယ်ပေးရေး၊ တိုင်ကြားမှုဖြေရှင်းရေး ယန္တရားတွေနဲ့ နောက်ဆက်တွဲ ပံ့ပိုးမှုတွေကို ခိုင်မာအောင် တည်ဆောက်ပေးသွားမှာ ဖြစ်ပါတယ်။
သင်တန်းပေးရေးနဲ့ လှုပ်ရှားမှုတွေကို လုပ်ငန်းအကောင်အထည်ဖော်မဲ့ ဒေသတွေကတော့ ဒုက္ခသည်စခန်းတွေ တည်ရှိရာ ခရိုင် ၄ ခုဖြစ်တဲ့ တာ့ခ်၊ မယ်ဟောင်ဆောင်၊ ကန်ချနဘူရီ နဲ့ ရတ်ချဘူရီ ခရိုင်တွေမှာ အဓိက လုပ်ဆောင်သွားမယ်လို့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အလုပ်ရှင်တွေနဲ့ ချိတ်ဆက်တဲ့ လုပ်ငန်းစဉ်တွေကိုတော့ ဂျပန်စီးပွားရေးလုပ်ငန်း အများအပြား ရှိနေတဲ့ အလုပ်သမားလိုအပ်ချက် မြင့်မားတဲ့ချွန်ဘူရီ၊ လယောင်းနဲ့ ကန်ချနဘူရီခရိုင်တွေမှာ အဓိကထား ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
အလုပ်သမားအကာအကွယ်ပေးရေး အစီအစဉ်ကိုတော့ ဒုက္ခသည်တွေ ဘယ်နေရာမှာပဲ အလုပ်လုပ်သည်ဖြစ်စေ ရရှိနိုင်အောင် စီစဉ်ပေးမှာပါလို့ ထုတ်ပြန်ချက်မှာ အသိပေးပါတယ်။
ထိုင်းနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မာဆာတို အိုတာကာက “ယာယီခိုလှုံရေးစခန်း ပြင်ပမှာ မြန်မာဒုက္ခသည်တွေ အလုပ်လုပ်ခွင့်ပြုလိုက်တဲ့ ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ အချိန်ကိုက်ဖြစ်ပြီး အလွန်ချီးကျူးစရာကောင်းတဲ့ ခြေလှမ်းဖြစ်ကြောင်း၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ် တည်နိုင်ရေးအတွက် အရေးပါတဲ့ ဒီခြေလှမ်းကို လေးစားမိကြောင်းနဲ့ အခု လက်မှတ်ရေးထိုးလိုက်တဲ့ ယန်း ၄၇၈ သန်းတန် စီမံကိန်းဟာ ILO ရဲ့ ကျွမ်းကျင်မှုတွေနဲ့ ပေါင်းစပ်ပြီး လက်တွေ့ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်မှာ ဖြစ်ကြောင်း” ပြောကြားခဲ့ပါတယ်။
ILO ဌာနေကိုယ်စားလှယ် ရှောင်ယန်ချန်ကလည်း “ထိုင်းနိုင်ငံအနေနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး အဆင့်ကနေ ဒုက္ခသည်တွေ ကိုယ်တိုင်ရပ်တည်နိုင်စေမဲ့ အလုပ်အကိုင်လမ်းကြောင်း ဖွင့်ပေးတဲ့အရေးကြီးတဲ့ ခြေလှမ်းကို လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်းနဲ့ ဂျပန်အစိုးရနဲ့ JICA တို့ရဲ့ ပံ့ပိုးမှုနဲ့အတူ ဒုက္ခသည်တွေ ဘေးကင်းလုံခြုံတဲ့ အလုပ်အကိုင်တွေ ရရှိဖို့နဲ့ အလုပ်ရှင်တွေရဲ့ လုပ်သားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ ကူညီသွားမယ်” ဆိုပါတယ်
ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံတွင်း ပဋိပက္ခနဲ့ ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာသူတွေကို ဆယ်စုနှစ် ၄ ခုကျော်ကြာ လက်ခံထားခဲ့တာပါ။
လက်ရှိမှာ ထိုင်း-မြန်မာနယ်စပ် ယာယီခိုလှုံရေးစခန်း ၉ ခုမှာ ဒုက္ခသည် ၇၇,၀၀၀ လောက် နေထိုင်နေကြပြီး လူသားချင်းစာနာမှု အကူအညီတွေအပေါ် ကြီးကြီးမားမား မှီခိုနေရတယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးပါတယ်။
လူသားချင်းစာနာမှု ရန်ပုံငွေတွေ လျော့နည်းလာတာနဲ့ ထိုင်းနိုင်ငံတွင်း လုပ်သားရှားပါးမှု ပြဿနာတွေကြောင့် ၂၀၂၅ ဩဂုတ် ၂၆ ရက်နေ့က ထိုင်းအစိုးရအဖွဲ့ ဆုံးဖြတ်ချက်နဲ့ သတ်မှတ်ခရိုင်တွေမှာ တရားဝင် အလုပ်လုပ်ကိုင်ခွင့် လမ်းကြောင်းကို ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်ပိုင်း ဒုက္ခသည် အတော်များများ အလုပ်အကိုင် ရရှိလာကြပေမဲ့ ဘာသာစကား အခက်အခဲ၊ လုပ်ငန်းအတွေ့အကြုံ နည်းပါးမှုနဲ့ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရနိုင်ခြေစတဲ့ အတားအဆီးတွေ ရှိနေဆဲဖြစ်သလို အလုပ်ရှင်တွေဘက်ကလည်း ဒုက္ခသည် အလုပ်သမားတွေကို ထိထိရောက်ရောက် ခန့်အပ်နိုင်ဖို့ အကူအညီတွေ လိုအပ်နေတာ ဖြစ်ပါတယ်။











