
တရုတ်နဲ့ ထိုင်းနိုင်ငံတို့ဟာ မိသားစုတစုလို ရင်းနှီးပါတယ်လို့ တရုတ်ဝန်ကြီးချုပ် လီချန်က နိုဝင်ဘာ ၁၄ ရက်က ဘန်ကောက်မြို့တော်မှာ ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းနဲ့ တွေ့ဆုံ ပြောပါတယ်။
နယ်ပယ်အသီးသီးမှာ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှု အောင်မြင်မှုတွေကို ထင်ဟပ်စေတဲ့ နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ထူးခြားတဲ့ အားသာချက် ရှိတယ်လို့လည်း သူက ပြောပါတယ်။
တရုတ်ဝန်ကြီးချုပ်ဟာ ထိုင်းဝန်ကြီးချုပ် အနုထင်းရဲ့ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံဆီ နိုင်ဝင်ဘာ ၁၅ ရက်အထိ ၃ ရက်ကြာ တရားဝင်ခရီးစဉ်အဖြစ် ရောက်လာခဲ့တာဖြစ်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်က ထိုင်းဘုရင်ဆီ နွေးထွေးတဲ့ နှုတ်ခွန်းဆက်စကားပေးပို့ခဲ့ပါတယ်။
တရုတ်-ထိုင်း ချစ်ကြည်ရင်းနှီးမှုကို ထိုင်းတော်ဝင်မိသားစုက အလေးထားပြီး မြှင့်တင်ဖို့ ကတိကဝတ်ပြုထားဆဲ ဖြစ်ပြီး တရုတ်နိုင်ငံက ကျေးဇူးတင်တယ်လို့ လီက ပြောပါတယ်။
လက်ရှိ မငြိမ်မသက်ဖြစ်နေတဲ့ နိုင်ငံတကာအခြေအနေမှာ အခက်အခဲတွေ ရှိနေပေမဲ့ တရုတ်-ထိုင်း စီးပွားရေးနဲ့ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု ဆက်တိုးတက်နေတာက အထူးချီးကျူးစရာ ကောင်းတယ်လို့ သူက မှတ်ချက်ပြုခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ မဟာဗျူဟာမြောက် လမ်းညွှန်ချက်နဲ့အညီ ထိုင်းနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိနေပြီး ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာဆန်းသစ်တီထွင်မှု၊ စွမ်းအင်သစ်မော်တော်ယာဉ် ထုတ်လုပ်ရေးနဲ့ တခြားနယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ဖို့၊ ပြည်သူချင်းဖလှယ်မှုတွေကို နက်ရှိုင်းစေဖို့နဲ့ နှစ်နိုင်ငံလုံးရဲ့ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုး တိုးတက်မှုကို မြှင့်တင်ဖို့ အသင့်ရှိတယ်လို့ လီချန်က ပြောပါတယ်။
ရှီကျင့်ဖျင်ကို နှုတ်ခွန်းဆက်စကားတွေနဲ့ ဆုမွန်ကောင်းတောင်းတဲ့ စကားတွေပြောပေးဖို့ ထိုင်းဘုရင်က လီကို တောင်းဆိုခဲ့ပါတယ်။
မနှစ်က တရုတ်နိုင်ငံဆီ နိုင်ငံတော်ခရီးစဉ်ကို ပြန်အမှတ်ရချိန်မှာ ရှီနဲ့ တွေ့ဆုံမှုက အကျိုးရှိပြီး အမှတ်တရတွေ အမြဲရှိနေတယ်လို့ ထိုင်းဘုရင်က ပြောပါတယ်။
ဝန်ကြီးချုပ် လီရဲ့ ထိုင်းနိုင်ငံဆီ တရားဝင်ခရီးစဉ်ဟာ ထိုင်းနဲ့ တရုတ်နိုင်ငံအကြား ရိုးရာ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေပြီး ၂ နိုင်ငံအကြား လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေလိမ့်မယ်လို့ ထိုင်းဘုရင်က ပြောပါတယ်။
Source: Reuters











