
ထိုင်းနိုင်ငံက စက်ရုံ၊ အလုပ်ရုံနဲ့ ကုန်တိုက်တွေမှာ လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေကို အလုပ်အေဂျင်စီတွေက CI ပြုလုပ်ဖို့ ဖိအားပေးနေပြီး CI မလုပ်ရင် Work permit သက်တမ်းတိုးမရဘဲ အလုပ်ဖြုတ်ပစ်မယ်လို့ ဖိအားပေးခြိမ်းခြောက်နေပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာလုပ်သားတွေ အများဆုံးအလုပ်လုပ်ကိုင်နေကြတဲ့ မဲဆောက်၊ မဟာချိုင်နဲ့ ချွန်ဘူရီ မြို့နယ်တို့မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို စက်ရုံ၊ အလုပ်ရုံနဲ့ ကုန်တိုက်တွေမှာ အလုပ်သွင်းပေးတဲ့ အလုပ်အေဂျင်စီတွေက CI (Certificate of Identity) လို့ခေါ်တဲ့ ဘယ်သူဘယ်ဝါဖြစ်ကြောင်း အသိအမှတ်ပြုလက်မှတ်လုပ်ဖို့ ဖိအားပေးနေတာပါ။
CI ပြုလုပ်ခ တရားဝင် ကုန်ကျစရိတ်က ဘတ် ၂,၆၆၀ သာရှိပေမဲ့ ပွဲစားနဲ့ အေဂျင်စီတချို့ကတော့ ဘတ် ၈,၅၀၀ ဖိအားပေးတောင်းခံနေပါတယ်။
ဒါ့အပြင် မိသားစုဆီ လုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်း ငွေလွှဲထားတဲ့စလစ် မပြနိုင်သူတွေကို ဝန်ဆောင်ခ ဘတ် ၁,၀၀၀ နဲ့ လုပ်ပေးနေပြီး၊ မိသားစုဆီ လွှဲငွေ ၃ လစာ ဘတ် ၆,၀၀၀ လွှဲထားကြောင်း အထောက်အထား ပြသရမှာပါ။
ကာယကံရှင် အလုပ်သမားတယောက်က “အလုပ်သမားတွေ အကုန်လုံးက မလုပ်နိုင်ဘူးဗျ။ မလုပ်နိုင်ဘူးဆိုတာ CI လုပ်ခက တလစာနီးပါး ဖြစ်နေလို့လေ။ ဘတ် ၉,၅၀၀ လုံးကို ကျနော်တို့က ဒီတလထဲမှာ အပြီးပေးရမှာ။ အကုန်လုံးကတော့ CI မလုပ်ချင်ကြဘူး။ CI ဖျက်သိမ်းရေး ကိစ္စလေးတွေလည်း လုပ်ဆောင်နေကြတာဆိုတော့။ အဓိက မလုပ်ချင်တဲ့ အကြောင်းရင်းက စစ်ကောင်စီကို ၂၅ ရာခိုင်နှုန်း သွင်းရမဲ့အရာက လုံးဝအဆင်မပြေဘူးလေ။ အဲဒါကို မသွင်းချင်တာ တခုတည်းနဲ့ပါ။ ဘယ်လို အခက်အခဲအကျပ်အတည်း တွေ့နေရလဲဆိုတော့ CI လုပ်လိုက်မယ်ဆိုရင် ကျနော်တို့ရဲ့ လုပ်ခ ၁ လစာ ဒီဘက်မှာ စားဖို့သောက်ဖို့နေဖို့ တချို့အခန်းခတွေ ရှိတယ်။ တချို့ စားသောက်ဖို့ရှိတယ်။ အဲဒါတွေကတဘက်မှာ တော်တော် အဆင်မပြေဖြစ်မှာ။ လက်ရှိမှာတော့ ကျနော်တို့ ပန်းရောင်ကတ် ရှိမယ်။ Work permit ကတ် ရှိတယ်။ အဲဒါတွေနဲ့ ကျနော်တို့ နေထိုင်နေပါတယ်” လို့ ပြောပါတယ်။
အလုပ်သမားတွေအနေနဲ့ CI စာအုပ်မလုပ်ရင် အလုပ်ဖြုတ်မယ်လို့ ဖိအားပေးတာတွေ ရှိနေပြီး၊ လုံခြုံရေးအခြေအနေကြောင့် သက်ဆိုင်ရာ အေဂျင်စီနဲ့ ကုန်တိုက်နာမည်တွေကိုတော့ အလုပ်သမားတွေက ထုတ်ဖော်ပြောဆိုဖို့ မလိုလားကြပါဘူး။
အေဂျင်စီတချို့က CI မလုပ်ရင် Work Permit သက်တမ်းတိုးမရဘူးလို့ အလုပ်သမားတွေကို ခြိမ်းခြောက် ဖိအားပေးတာ၊ တရားဝင်ကုန်ကျစရိတ်ထက် ပိုမိုတောင်းခံတာတွေက မသင့်တော်ဘူးလို့ အလုပ်သမားအရေး ကူညီပေးနေသူက ထောက်ပြပါတယ်။
အလုပ်သမားအရေး ကူညီပေးနေသူတယောက်က “အကျိုးဆောင် အေဂျင်စီကနေ အခုလိုမျိုး CI မလုပ်ဘူးဆိုရင် Work Permit သက်တမ်းတိုးလို့မရဘူး ဆိုပြီးတော့လည်း ပြောတယ်။ နောက်တချက်က CI လုပ်တဲ့အခါ ကုန်ကျစရိတ်ကိုလည်း ၈,၀၀၀ တောင်းတယ်။ ဝန်ဆောင်ခ ၁,၀၀၀ လည်း ပါတာပေါ့နော်။ ဒါ့အပြင် အလုပ်သမားတွေက အိမ်ကို ၂၅ ရာခိုင်နှုန်း ငွေလွှဲထားတဲ့ စလစ်မပြနိုင်ဘူးဆိုလို့ရှိရင် ဒီအကျိုးဆောင် agency ကနေ ဝန်ဆောင်မှုဆိုပြီး သီးသန့် ထပ်ယူမယ် ဆိုတာမျိုးတွေလည်း သိရတယ်။ အခုလိုမျိုး ငွေလွှဲစလစ်မရှိဘူးဆိုရင် ဝန်ဆောင်ခ ဘတ် ၁,၀၀၀ ပေးရမယ် ဆိုတာလည်း ရွှေ့ပြောင်းအလုပ်သမားတွေပေါ်မှာ ဝန်ထုပ်ဝန်ပိုး ဖြစ်စေတဲ့ ကိစ္စဖြစ်ပါတယ်။ CI လုပ်တဲ့ကိစ္စမှာလည်း ၈,၅၀၀ တောင်းတာက ပြောရရင် အမှန်တကယ် ကုန်ကျမဲ့ကုန်ကျစရိတ်ထက်များတာ တွေ့ရပါတယ်။ အခုလိုမျိုး လုပ်နေတဲ့ လုပ်ရပ်တွေက မသင့်တော်ဘူးလို့ပဲ ပြောရမှာပါ” လို့ ပြောပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများကိုယ်စားပြု ညှိနှိုင်းရေးကော်မတီ (MMWRCCT) ကလည်း မြန်မာလုပ်သားတွေရဲ့ ဆန္ဒကိုသိရှိနိုင်ဖို့ လူထုစစ်တမ်းတရပ် ကောက်ယူနေပြီး၊ နိုဝင်ဘာ ၈ ရက်အထိ ကောက်ယူထားတဲ့ စာရင်းတွေအရ CI မပြုလုပ်ရေး ကမ်ပိန်းမှာ ပါဝင်ဖြေဆိုသူ စုစုပေါင်း ၃ သန်းကျော် ရှိခဲ့တယ်လို့ MMWRCCT က ထုတ်ပြန်ထားပါတယ်။
ဒီစစ်တမ်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဆီကနေ မြန်မာလုပ်သားတွေအတွက် အထောက်အထာတစုံတရာ ထုတ်ပေးနိုင်ဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
ဒီစစ်တမ်း ရလဒ်တွေကို NUG ဆီကိုပေးပို့ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းဆီ ပေးပို့သွားမယ်လို့ သိရပါတယ်။











