
ရုရှားသမ္မတ ဗလာဒီမာပူတင်၊ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်တို့ နိုဝင်ဘာ ၁၉ ရက်နေ့ တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့မှာ ကျင်းပမဲ့ APEC ထိပ်သီးအစည်းအဝေးနဲ့အပြိုင် ၃ နိုင်ငံခေါင်းဆောင်များ အစည်းအဝေးတခု လုပ်မယ်လို့ ရုရှား သမ္မတနန်းတော် ကရင်မလင်ကို ကိုးကားပြီး ရုရှားသတင်းဌာန RIA က နိုဝင်ဘာ ၁၄ ရက်မှာ ဖော်ပြပါတယ်။
ကမ္ဘာ့အင်အားကြီး ခေါင်းဆောင် ၃ ယောက်ဟာ လာမဲ့အပတ်မှာ အတူထိုင်ပြီး ဆွေးနွေးကြဖို့ မျှော်လင့်ရပြီး ယူကရိန်းနဲ့ အီရန်နိုင်ငံတို့က စစ်ပွဲတွေကနေ နျူကလီးယားလက်နက်တွေနဲ့ ဉာဏ် ရည်တု (AI) နည်းပညာအထိ ကမ္ဘာ့အရေးကိစ္စရပ်တွေကို ဆွေးနွေးနိုင်တယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။
ဒီအစည်းအဝေးနဲ့ ပတ်သက်ပြီး အထူးသဖြင့် ရုရှားနိုင်ငံထဲမှာ ၁၉၄၅ ခုနှစ်က အမေရိကန်၊ ဗြိတိန်နဲ့ ဆိုဗီယက်ပြည်ထောင်စုတို့ ကျင်းပခဲ့တဲ့ ယယ်လ်တာညီလာခံနဲ့ နှိုင်းယှဉ်ပြောဆိုနေပါတယ်။
ယယ်လ်တာညီလာခံဟာ ဩဇာလွှမ်းမိုးရာ နယ်ပယ်တွေကို တရားဝင်သတ်မှတ်ပေးခဲ့ပြီး ဒုတိယကမ္ဘာစစ်အပြီး ကမ္ဘာ့အစီအစဉ်သစ်အတွက် အခြေခံအုတ်မြစ်ချပေးခဲ့သလို၊ အင်အားကြီးနိုင်ငံတွေက နိုင်ငံငယ်တွေအပေါ် သူတို့ရဲ့ သဘောတူညီချက်တွေကို အတင်းအကျပ် ချမှတ်ခဲ့တဲ့ ဖြစ်ရပ်တခုအဖြစ်လည်း လူသိများပါတယ်။
ဒီအစည်းအဝေးဟာ အမေရိကန်သမ္မတအဖြစ် ပထမတကြိမ်သက်တမ်းနဲ့ လက်ရှိတကြိမ် သက်တမ်း ၂ ခုပေါင်း ၆ နှစ်နီးပါး တာဝန်ထမ်းဆောင်စဉ်အတွင်း ထရမ့်ပ်လုပ်ခဲ့တဲ့ သံတမန်ရေးရာအရ ထင်ရှားတဲ့ တွေ့ဆုံမှုတွေထဲမှာ နောက်ဆုံးတခု ဖြစ်လာမှာပါ။
အရင်ကလည်း ထရမ့်ပ်ဟာ ပူတင်နဲ့သာမက မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းတို့နဲ့ တွေ့ခဲ့ဖူးပေမဲ့ ဘယ်တွေ့ဆုံမှုကမှ သိသာထင်ရှားတဲ့ တိုးတက်မှုရလဒ်မျိုး မထွက်ပေါ်ခဲ့သေးပါဘူး။
Source: Reuters











