
ထိုင်ဝမ်ဟာ အခုနှစ် တရုတ်နိုင်ငံမှာ ကျင်းပမဲ့ APEC ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးမှာ တန်းတူညီမျှတဲ့ အခြေခံနဲ့ ဆက်ဆံဆောင်ရွက်တဲ့ မူဝါဒအပေါ် အခြေခံပြီး ပါဝင် တက်ရောက်မယ် လို့ သမ္မတ လိုင်ချင်းတယ်က နိုဝင်ဘာ ၁၂ ရက်မှာ ပြောပါတယ်။
ဒီလို ပါဝင်နိုင်ရေးအတွက် တရုတ်ပြည်မကြီးအစိုးရဆီက စာနဲ့ရေးထားတဲ့ အာမခံချက်တခုရဖို့ ထိုင်ဝမ်အစိုးရက တောင်းဆိုခဲ့ပြီးတဲ့နောက် ခုလို ထုတ်ပြောလာတာပါ။
အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ဟာ ထိုင်ဝမ်ပါဝင်ခွင့်ရထားတဲ့ နိုင်ငံတကာအဖွဲ့အစည်း အနည်းငယ်ထဲက တခုပါ။
ဒါပေမဲ့ တရုတ်နိုင်ငံက ထိုင်ဝမ်ကို သူ့နယ်မြေတခုအဖြစ် သတ်မှတ်ထားပါတယ်။ အခုနှစ်မှာ APEC ညီလာခံကို တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး ခေါင်းဆောင်တွေရဲ့ ထိပ်သီး အစည်းအဝေးကို လာမဲ့သီတင်းပတ်မှာ တရုတ်တောင်ပိုင်းက ရှန်ကျန်းမြို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ထိုင်ဝမ်နဲ့ တရုတ်ပြည်မကြီးအစိုးရတို့ကြား ဆက်ဆံရေးက အလွန်တင်းမာနေတာပါ။ လိုင်ချင်းတယ်ကို “ခွဲထွက်ရေးသမား” လို့ စွပ်စွဲရင်း တရုတ်နိုင်ငံက ဆွေးနွေးပြောဆိုဖို့ ငြင်းဆန်ထားပါတယ်။
တရုတ်စစ်တပ်ကလည်း ထိုင်ဝမ်ကျွန်း ပတ်ဝန်းကျင်မှာ နေ့စဉ်လှုပ်ရှားနေပါတယ်။ လိုင်ချင်းတယ် ကတော့ ထိုင်ဝမ်အပေါ် တရုတ်ပြည်မကြီးအစိုးရရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှု အခိုင်အမာ ပြောဆိုချက်တွေကို ပယ်ချထားပါတယ်။
APEC ညီလာခံမှာ မမျှတတဲ့ ဆက်ဆံမှုမျိုး ကြုံတွေ့လာရင် ချက်ချင်း ပြင်ဆင်ပေးဖို့ ထိုင်ဝမ်ဘက် က တောင်းဆိုသွားမယ်လို့ ထိုင်ဝမ်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ကာရန်းကို့က ပြောခဲ့ပါတယ်။
နိုင်ငံရေးဆိုင်ရာ ပြဿနာတွေကို ရှောင်ဖို့ ထိုင်ဝမ်ဟာ APEC ထိပ်သီးအစည်းအဝေးတွေကို ကိုယ်စားလှယ်အဖြစ် အစိုးရအရာရှိဟောင်းတွေ ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းရှင်တွေကို စေလွှတ် လေ့ရှိပါတယ်။
သူတို့က ဒီအခွင့်အရေးကို သုံးပြီး အမေရိကန်နဲ့ ဂျပန်လို မိတ်ဖက်နိုင်ငံတွေဆီက ကိုယ်စားလှယ် အဖွဲ့တွေ၊ အဆင့်မြင့်အရာရှိကြီးတွေနဲ့ ဆွေးနွေးပြောဆိုလေ့ ရှိကြပါတယ်။
ACER ကွန်ပြူတာကို တည်ထောင်သူ စတန်ရှီဟာ ၂၀၀၇ ခုနှစ်က ဩစတြေးလျနိုင်ငံမှာ ကျင်းပ ခဲ့တဲ့ APEC ထိပ်သီးအစည်းအဝေးမှာ ထိုင်ဝမ်ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ဖူးသူ ဖြစ်ပါတယ်။
Source: Reuters











