
တရုတ်နိုင်ငံက ထိုင်းနိုင်ငံနဲ့ ကုန်သွယ်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုနက်ရှိုင်းအောင်လုပ်ဖို့နဲ့ တရုတ်-ထိုင်း ရထားလမ်း တည်ဆောက်ရေးလုပ်ငန်းကို အရှိန်မြှင့်တင်ဖို့ အသင့်ရှိနေတယ်လို့ တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ နိုဝင်ဘာ ၁၄ ရက်က လုပ်တဲ့ ဆွေးနွေးပွဲ တခုမှာ ပြောလိုက်ပါတယ်။
ထိုင်းနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌဖြစ်သူ ဆိုဖွန်ဇာရမ်နဲ့ တွေ့ပြီး ဆွေးနွေးချိန်မှာ ခုလိုပြောလိုက်တာပါ။
တရုတ်နဲ့ ထိုင်းနိုင်ငံတို့က စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ စွမ်းအင်သစ်နဲ့ အီလက်ထရောနစ် သတင်းအချက်အလက် နည်းပညာတို့လို ထွန်းသစ်စကဏ္ဍတွေမှာ ပူးပေါင်း ဆောင်ရွက်ဖို့၊ ပူးတွဲဆန်းသစ်တီထွင်မှုတွေ အားကောင်းစေဖို့နဲ့ စက်မှုကဏ္ဍ အဆင့်မြှင့်တင်ရေးကို အတူတကွ မြှင့်တင်ဆောင်ရွက်ဖို့ တရုတ်နိုင်ငံက တိုက်တွန်းတယ်လို့ လီချန်က ပြောပါတယ်။
လွန်ခဲ့တဲ့ နှစ်တွေအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ထိုင်းဘုရင် မဟာဗဂျီရာလောင်ကွန်းတို့ရဲ့ မဟာဗျူဟာမြောက် လမ်းညွှန်မှုအောက်မှာ တရုတ်-ထိုင်း ဆက်ဆံရေးဟာ တည်ငြိမ်ကောင်းမွန်မှုရှိရှိ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး နယ်ပယ်အသီးသီးမှာ အကျိုးဖြစ်ထွန်းစေမဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့တယ်လို့လည်း သူက ပြောပါတယ်။
ထိုင်းနိုင်ငံဟာ တရုတ်နိုင်ငံ တနိုင်ငံတည်း မူဝါဒကို ခိုင်ခိုင်မာမာ လိုက်နာကျင့်သုံးတယ်လို့ ဆိုဖွန်ဇာရမ်က ပြောပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံနဲ့ လက်တွဲပြီး အဆင့်မြင့် ခေါင်းဆောင်ပိုင်းအကြား ရင်းနှီးတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းဖို့၊ ချိတ်ဆက်ဆောင်ရွက်မှုတွေ၊ ယဉ်ကျေးမှုနဲ့ ပညာရေး၊ ဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေး၊ ခရီးသွားလုပ်ငန်း စတဲ့ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့၊ နိုင်ငံတကာ ညှိနှိုင်းဆောင်ရွက်မှုတွေကို အားကောင်းစေဖို့ ဘုံစိန်ခေါ်မှုတွေ ကို အတူတကွ ရင်ဆိုင်ဖြေရှင်းဖို့ အသင့်ရှိနေတယ်လို့လည်း ဆိုဖွန်ဇာရမ်က ပြောပါတယ်။
နှစ်နိုင်ငံ ပြည်သူတွေအတွက် အကျိုးကျေးဇူးတွေ ပိုရစေမဲ့၊ လက်တွေ့ကျပြီး အပြန်အလှန် အကျိုးရှိစေမဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် ကောင်းမွန်တဲ့ ဥပဒေဆိုင်ရာ ပတ်ဝန်းကျင်နဲ့ အကာအကွယ်တွေကို ဖန်တီးပေးဖို့ ထိုင်းလွှတ်တော်က အသင့်ရှိနေတယ်လို့ ဆိုဖွန်ဇာရမ်က ပြောခဲ့ပါတယ်။
Source: Reuters











