DVB Logo
Home
မြန်မာသတင်း
ထိုင်း-မလေးရှား နယ်စပ်က ရာဘာခြံလုပ်သားများ လူမှုဖူလုံရေးစနစ် ရရှိရန် လိုအပ်နေ
ဇွဲသစ်
·
November 12, 2026
ထိုင်းတောင်ပိုင်းက ရာဘာခြံလုပ်သား တဦး။ (Photo:  ဦးမိုးကြိုး-JACBA ဥက္ကဋ္ဌ)
ထိုင်းတောင်ပိုင်းက ရာဘာခြံလုပ်သား တဦး။ (Photo: ဦးမိုးကြိုး-JACBA ဥက္ကဋ္ဌ)
Donate to DVB

ထိုင်းတောင်ပိုင်း၊ မလေးရှားနယ်စပ်က ရာဘာခြံလုပ်သားတွေဟာ တခြားစက်ရုံလုပ်သားတွေလို ပကန်စံခွန်းလို့ ခေါ်တဲ့ ထိုင်းအစိုးရရဲ့ လူမှုဖူလုံရေးစနစ် မရတာကြောင့် ကျန်းမာရေးကိစ္စတွေမှာ ငွေကြေးကုန်ကျတာတွေ များနေပါတယ်။

ထိုင်းတောင်ပိုင်း၊ မလေးရှားနယ်စပ်က ရာဘာခြံ၊ ဆီအုန်းခြံ၊ ဒူးရင်း၊ နာနတ်နဲ့ ကျွန်းခြံ စတဲ့ ခြံ တောင်ယာလုပ်သားတွေဟာ တခြားစက်ရုံလုပ်သားတွေလို ပကန်စံခွန်းလို့ ခေါ်တဲ့ ထိုင်းအစိုးရရဲ့ ကျန်းမာရေးစောင့်ရှောက်မှု လူမှုဖူလုံရေးစနစ် မရရှိတာကြောင့် ဆေးကုသတဲ့အခါ ကုန်ကျစရိတ် ပေးရတာတွေ ကြုံနေရပါတယ်။

ရာဘာခြံလုပ်သားတွေဟာ မိုးရာသီကုန်မှသာ ရာဘာခြစ်တဲ့အလုပ် ရှိတာကြောင့် မိုးရာသီကာလတွေမှာ ပုံမှန်ဝင်ငွေမရှိဘဲ တခြား ကြုံရာအလုပ်တွေ ဝင်ရောက်လုပ်ကိုင်ရသလို ကျန်းမာရေးတွေမှာလည်း စောင့်ရှောက်မှုအပိုင်းက တခြားလုပ်သားတွေထက် အခွင့်အရေး နည်းပါးတယ်လို့ ဆိုပါတယ်။

ရာဘာခြံလုပ်သားတယောက်ဖြစ်တဲ့ ကိုကျော်က “ကျန်းမာရေးကိစ္စကျတော့ မရဘူး။ ပကန်စံခွန်း (အလုပ်သမား လူမှုဖူလုံရေး) က ကျနော်တို့ ရာဘာခြံလုပ်သားတွေက အခွင့်အရေး မရှိဘူး ဖြစ်နေတာ။ လိုချင်တာက အဲ့အခွင့်အရေးကို လိုချင်နေတာ။ ရာဘာခြံလုပ်သားတွေက စက်ရုံသမားတွေလို မဟုတ်ဘူး။ ဘယ်လိုအခက်အခဲ ရင်ဆိုင်ရလဲဆိုရင် အခုလို ကျန်းမာရေးဖြစ်တဲ့ အခါကျတော့ တချို့ကျတော့လည်း ဒုက္ခရောက်တယ်။ ရာဘာခြံထဲမှာ သားသမီးတွေရှိတယ်၊ ကျန်းမာရေးကိစ္စ ဖြစ်တဲ့အခါကျတော့ ခုနပြောသလို တကယ်တမ်း သွားတဲ့အခါ ပိုက်ဆံနဲ့ကျတော့ ပကန်စံခွန်း မရှိတော့ သူတို့ တောင်းသလောက် ပေးရတာပေါ့။ ဘတ် ၃၀ နဲ့ မရဘူး။ ရောဂါ အတိုင်းအတာနဲ့ လွန်သွားရင် သူတို့တောင်းသလောက် ပေးရတာပေါ့။ ဗိုက်နာ ခေါင်းကိုက်လောက်ဆိုရင် ရတယ်။ ရောဂါကြီးသွားရင် မရတော့ဘူး” လို့ ပြောပါတယ်။

ထိုင်းတောင်ပိုင်းက ဆုန်ခလာ၊ နရာသီဝပ်၊ ပတ္တနီ၊ ယာလာ စတဲ့ ခရိုင် ၄ ခုမှာ မြန်မာလုပ်သားတွေက သစ်စက်၊ ငါးသေတ္တာလုပ်ငန်း၊ ပုဇွန်စက်ရုံ၊ ရာဘာခြံ၊ စက်ရုံအလုပ်ရုံ စတဲ့အလုပ်တွေ၊ ပင်လယ်အစားအစာ ထုတ်လုပ်ရေးနဲ့ လှေလုပ်သားအလုပ်တွေ လုပ်ကိုင်ကြတယ်လို့ သိရပါတယ်။

ခြံလုပ်သားတွေအတွက် အလုပ်သမားအခွင့်အရေးကို မြေပြင်အခြေအနေနဲ့အညီ ပြောင်းလဲမှုတွေ လုပ်မှသာ အလုပ်သမားအခွင့်အရေးတွေ အပြည့်အဝ ရနိုင်မယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။

မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီမှ ဦးမိုးကြိုးက “ရာဘာခြံပဲဖြစ်ဖြစ်၊ ဆီအုန်းပဲဖြစ်ဖြစ်၊ ဒူးရင်း၊ နာနတ်၊ ကျွန်းပင်ပဲဖြစ်ဖြစ် အကုန်လုံးက ခြံတောင်ယာ လုပ်သားထဲမှာ ပါတယ်။ ပြောမယ်ဆိုရင်တော့ ထိုင်းနိုင်ငံဥပဒေအရဆို Farmer Act ထဲမှာ ပါတယ်။ လယ်သမား ဥပဒေထဲမှာ ပါတယ်။ ဒါပေမဲ့ အလုပ်သမားဥပဒေထဲမှာ ထည့်ဖို့ကျတော့ တရားဝင် မထည့်ရသေးဘူး။ အဲဒီအတွက် တိကျတဲ့ အခွင့်အရေး၊ ရေရာတဲ့ အခွင့်အရေးမျိုးတွေ သူတို့ဆီမှာ မရှိသေးဘူး။ အဲဒီတော့ ထိုင်းနိုင်ငံရဲ့ လယ်သမားဥပဒေထဲမှာ ရှိနေတဲ့ ခြံတောင်ယာ လုပ်သားတွေနဲ့ ပတ်သက်တဲ့ အခွင့်အရေးတချို့ဟာ အလုပ်သမားဥပဒေထဲမှာ ပြင်ဆင် ဖြည့်စွက်သင့်တယ် ဆိုတဲ့အကြောင်း ထိုင်းလူ့အခွင့်အရေးကော်မရှင်ရယ်၊ ထိုင်းလူ့အခွင့်အရေး ရှေ့နေများ ကောင်စီရယ်၊ ထိုင်းအလုပ်သမားသမဂ္ဂတွေရယ် ညှိနှိုင်းပေါင်းစပ်ပြီးတော့ လိုအပ်သလို ဖြည့်စွက်၊ ပြင်ဆင်၊ တည်ဆောက်မှုတွေ လုပ်ရဦးမယ်။ ပြင်ဆင်ဆဲပဲ ရှိပါသေးတယ်” လို့ ပြောပါတယ်။

မလေးရှားနယ်စပ် ဆုန်ခလာ၊ ပတ်တနီ၊ နရာသီဝပ်နဲ့ ယာလာခရိုင်တို့ဟာ အန္တရာယ်ရှိတဲ့ နယ်မြေတွေလို့ ထိုင်းအစိုးရ၊ ထိုင်းလုံခြုံရေးကောင်စီက သတ်မှတ်ထားပြီး အဲဒီ ခရိုင် ၄ ခုမှာ လုပ်ကိုင်ကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား သိန်းနဲ့ချီ ရှိနေပါတယ်။

ထိုင်းတောင်ပိုင်းက ရာဘာခြံ၊ ဆီအုန်းခြံ၊ ဒူးရင်း၊ နာနတ်၊ ကျွန်းခြံတွေမှာ လုပ်ကိုင်နေတဲ့ ခြံတောင်ယာ လုပ်သားတွေကတော့ အနည်းဆုံး ၆၀,၀၀၀ ကနေ ၁၀၀,၀၀၀ ကြား ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013