
ထိုင်းနိုင်ငံ ဘန်ကောက်အနီး ပထုန်ဌာနီခရိုင်ထဲမှာ အလည်အပတ်ဗီဇာနဲ့ တေးဂီတဖျော်ဖြေပွဲမှာ သီချင်းလာဆိုတဲ့ လာအိုနိုင်ငံက နာမည်ကြီး အဆိုတော်တယောက် ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
အသက် ၃၀ အရွယ် မစ္စတာ ဂျင်မ် (အမည်လွှဲ) ဆိုသူ လာအိုနိုင်ငံသားမှာ မနေ့ နိုဝင်ဘာ ၁၁ ရက် ညပိုင်းက ပထုန်ဌာနီခရိုင်၊ ထန်ယပူရီမြို့နယ်၊ ပရချားတိပတ်လမ်း၊ ရန်းဆစ်ကင်ဇာဈေး ကားပါကင်ရှိ ပူဖောင်းဖဲန်တစီနဲ့ ရသာစုံ စားဖွယ်ရာပွဲတော် ဖျော်ဖြေရေးစင်မြင့်မှာ သီချင်းဆိုအပြီး ခရိုင်လဝက ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေ ရောက်လာကာ အထောက်အထားတွေ စစ်ဆေးခဲ့တယ်။
သူဟာ ထိုင်းနိုင်ငံထဲကို အလည်အပတ်ဗီဇာနဲ့သာ ဝင်ရောက်လာခဲ့ပြီး အလုပ်လုပ်ခွင့် လက်မှတ် တစုံတရာမရှိပါဘဲ ထိုင်းနိုင်ငံရှိ တေးဂီတဖျော်ဖြေပွဲတွေမှာ ညတိုင်းလို လှည့်ပတ် သီချင်းဆိုနေတာကို စုံစမ်းသိရှိရတယ်။ အနုပညာကြေးမှာ တညကို ဘတ် ၁၅,၀၀၀ ထိ ရရှိပြီး သူ့ကိုငှားရမ်းထားတဲ့ ပွဲစဉ်တွေဟာ နှစ်ကုန်ပိုင်းထိ ပြည့်နေပြီလို့ ဆိုပါတယ်။
သူဟာ မနေ့ညက ကင်ဇာဈေးပွဲတော်မှာ ဖျော်ဖြေမှာဖြစ်ကြောင်း သတင်းပေးပို့ချက်ရတာကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေက လာရောက်စစ်ဆေး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
တာဝန်ရှိသူတွေက သူ့ကို ၂၀၁၇ ခုနှစ် နိုင်ငံခြားအလုပ်သမား စီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၈ နဲ့ ပုဒ်မ ၁၀၁ အရ ခွင့်ပြုချက်မရဘဲ ဝင်ရောက်အလုပ်လုပ်ကိုင်မှုနဲ့ အရေးယူဖို့ ပရဒူနမ့် ကျူလာလောင်ကွန် နယ်မြေရဲစခန်းကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး လာအိုပရိသတ်တွေကတော့ လာအိုနိုင်ငံမှာ ထိုင်းအဆိုတော်တွေ အများကြီး သီချင်းလာဆိုကြတယ်၊ ဖျော်ဖြေပွဲလာလုပ်တယ်၊ ဘာပြဿနာမှ မရှိဘူး၊ အခု လာအိုအဆိုတော် တယောက်ပဲ ထိုင်းမှာ သီချင်းဆိုတာ အဖမ်းခံရတာ မတရားဘူးလို့ ဝေဖန်ပြောဆိုနေကြပါတယ်။
Source: Khaosod News











