ယူကရိန်းမှာ နိုင်ငံခြားတပ်ဖွဲ့တွေ တပ်စွဲတာကို ရုရှားက လက်မခံနိုင်ကြောင်း ရုရှားသမ္မတ ပူတင်က သတိပေး ပြောပါတယ်။
ပူတင်ဟာ အမေရိကန်အထူးကိုယ်စားလှယ်တွေဖြစ်တဲ့ စတိဗ်ဝစ်ကော့ဖ်၊ ဂျရတ်ကုရှ်နာ တို့နဲ့ နိုဝင်ဘာ ၁၀ ရက်က မော်စကိုမှာ တွေ့ဆုံချိန် နိုင်ငံတကာတပ်ဖွဲ့တွေကို လက်မခံကြောင်း ထပ်ပြောခဲ့တာပါ။
ယူအေအီးမှာ သုံးပွင့်ဆိုင် ဆွေးနွေးပွဲအပြီး အမေရိကန်ကိုယ်စားလှယ်အဖွဲ့က ပူတင်နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
အဲဒီတွေ့ဆုံမှုမှာ ပူတင်က ယူကရိန်းနယ်မြေထဲမှာ နိုင်ငံတကာတပ်ဖွဲ့တွေ တပ်စွဲတာက ရုရှားရဲ့ လုံခြုံရေးကို ခြိမ်းခြောက်စေပြီး အဲလိုတပ်စွဲမယ်ဆိုရင် ရုရှားတပ်ဖွဲ့တွေရဲ့ပစ်မှတ် ဖြစ်လာမယ်လို့လည်း သတိပေးထားပါတယ်။
ပူတင်က “ဟိုးအစကတည်းက နိုင်ငံတကာတပ်ဖွဲ့တွေ ယူကရိန်းမှာ တပ်စွဲမှာကို ရုရှားက လက်မခံခဲ့ပါဘူး။ ဒါက ရုရှားရဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှုပါ။ ဒါကို ဥရောပက သိပါတယ်။ ငြိမ်းချမ်းရေး သဘောတူညီမှု ရတာနဲ့ သူတို့က ယူကရိန်းကို တပ်ဖွဲ့တွေ ချက်ချင်းစေလွှတ်မှာပါ။ ဒါက ဘာသဘောလဲ။ အရင်က ကျနော်တို့ ပြောဖူးသလို နိုင်ငံတကာတပ်ဖွဲ့တွေ တပ်စွဲရင် သူတို့က ရုရှားရဲ့ တရားဝင်ပစ်မှတ်တွေ ဖြစ်လာမှာပါ။ ပြောချင်တာက စစ်ပွဲ ချက်ချင်းပြန်စမှာပါ” လို့ ပြောပါတယ်။
သုံးပွင့်ဆိုင် ဆွေးနွေးပွဲမှာ ရုရှားနဲ့ ယူကရိန်းတို့ဟာ ဒွန်နတ်ဒေသက ကွန်စတန်တီနော့ဗ်ကာမြို့မှာ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးဖို့ သဘောတူညီခဲ့ကြပါတယ်။
၃ ရက်ကြာ တွေ့ဆုံခဲ့တဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲမှာ သုံ့ပန်းလဲလှယ်မဲ့ကိစ္စလည်း သဘောတူခဲ့ကာ ပဋိပက္ခ အဆုံးသတ်ရေး အဓိကအချက်တွေ သဘောတူညီမှု ရဖို့တော့ ကျန်နေပါသေးတယ်။
အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဟာ ပူတင်နဲ့တွေ့ပြီးနောက် အိုင်ယာလန်နိုင်ငံ၊ ဒပ်ဗလင်မြို့မှာ ယူကရိန်းသမ္မတ ဇလန်းစကီးနဲ့ တွေ့ဆုံခဲ့ပါတယ်။











