
သုံးပွင့်ဆိုင်ဆွေးနွေးမှု ပြုလုပ်နေပေမဲ့ ရုရှားနဲ့ ယူကရိန်းတို့ အပြန်အလှန် တိုက်ခိုက်မှုတွေ ဆက်ပြီးလုပ်နေကြောင်း ရိုက်တာက ဖော်ပြပါတယ်။
ရုရှား၊ ယူကရိန်း၊ အမေရိကန်တို့ဟာ ယူအေအီးမြို့တော် အဘူဒါဘီမှာ နိုဝင်ဘာ ၁၀ ရက်က သုံးပွင့်ဆိုင် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ယူကရိန်းစစ်တပ်ကို ပံ့ပိုးမှုတွေ ပြုလုပ်နေတဲ့ စွမ်းအင်အဆောက်အအုံတွေ၊ သင်္ဘောတွေကို တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ညက ဒေသ ၈ ခုမှာ ယူကရိန်း ဒရုန်း ၁၅၅ စင်းကို ကြားဖြတ်တိုက်ခိုက်ပြီး ဖျက်ဆီးခဲ့တယ်လို့လည်း ဝန်ကြီးဌာနက ပြောပါတယ်။
ရုရှားဟာ ယူကရိန်း စွမ်းအင်အဆောက်စနစ်တွေကို တိုက်ခိုက်မှု ဆက်လုပ်နေကြောင်းလည်း ယူကရိန်း စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဓာတ်အားခွဲရုံတွေ၊ အပူစွမ်းအင်ထုတ်လုပ်တဲ့ စက်ရုံတွေ၊ ရေနံနဲ့ ဓာတ်ငွေ့အဆောက်အအုံတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုရှယ်မီဒီယာမှာ ဖော်ပြပါတယ်။
ရုရှားရဲ့ အင်္ဂါနေ့က တိုက်ခိုက်မှုကြောင့် ဒီနီပရိုမှာ အဓိက အဆောက်အအုံတခု ပျက်စီးခဲ့သလို လူ ၂ ယောက် သေပြီး ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသဆိုင်ရာ စစ်အုပ်ချုပ်ရေးအကြီးအကဲ ဟန်ဇာက ပြောပါတယ်။
ရုရှားနဲ့ ယူကရိန်းတို့ဟာ ၉ လအတွင်း ပထမဆုံးအကြိမ် ဆွေးနွေးမှုအဖြစ် အဘူဒါဘီမှာ သုံးပွင့်ဆိုင် ဆွေးနွေးမှု ပြုလုပ်နေတာပါ။
အမေရိကန် စေ့စပ်ပေးတဲ့ ဆွေးနွေးပွဲဟာ အကျိုးရှိတဲ့ တွေ့ဆုံပွဲ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောထားပေမဲ့ အသေးစိတ်ကိုတော့ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
ယူကရိန်းသမ္မတ ဇလန်းစကီး ကလည်း အပြုသဘောဆောင်ပြီး အရေးပါတဲ့ တွေ့ဆုံမှုလို့ ခေါ်လို့ရကြောင်း ပြောထားပြီး လူသားချင်းစာနာမှုနဲ့ လုံခြုံရေးဆိုင်ရာတွေ ဆွေးနွေးမယ်လို့ ဆိုပေတယ်။
ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီးကတော့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲက ဒုတိယနေ့သာ ရှိသေးလို့ ဆွေးနွေးမှုတွေကို ထုတ်ပြောဖို့ စောသေးကြောင်း ပြောပါတယ်။
Source: Reuters











