ပြည်ပရောက် မြန်မာလုပ်သားများ၏ တရားဝင်ငွေလွှဲနှုန်းများ တိုးမြှင့်သတ်မှတ်

ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့ လုပ်ခလစာ တရားဝင် ငွေလွှဲနှုန်းထားတွေကို နိုဝင်ဘာ ၁၉ ရက်မှာ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။
ဘဏ်တွေရဲ့ ထုတ်ပြန်ချက်အရ ပြည်ပလုပ်သားလစာ ငွေလွှဲရာမှာ အရင်က အမေရိကန် တဒေါ်လာကို ၃,၉၈၅ ကျပ် သတ်မှတ်ထားရာကနေ ကျပ် ၄,၆၀၀ တိုးမြှင့်သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
ဒါ့အပြင် ယူရို ၁ ယူရိုကို ၅,၀၅၁ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာကို ၃,၅၆၇ ကျပ်နဲ့ ထိုင်း ၁ ဘတ်ကို ၁၃၆ ကျပ်နှုန်း အသီးသီး တိုးမြှင့် သတ်မှတ်လာပါတယ်။
ဒါ့အပြင် အမေရိကန်ဒေါ်လာ၊ ယူရိုနဲ့ စင်ကာပူဒေါ်လာ ငွေလွှဲနှုန်းထားတွေအတွက် ထပ်ဆောင်း ပံ့ပိုးငွေအဖြစ် အမေရိကန် ၁ ဒေါ်လာကို ကျပ် ၃၀ ထပ်မံပေးအပ်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။
ပြည်ပရောက် မြန်မာလုပ်သားတွေအနေနဲ့ မိမိတို့ရရှိတဲ့ လစာရဲ့ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို တရားဝင် ဘဏ်လမ်းကြောင်းကတဆင့် မိသားစုဆီ မဖြစ်မနေ ပြန်လွှဲပို့ရမယ်လို့ အလုပ်သမားဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်ကတည်းက သတ်မှတ်ခဲ့တာပါ။
အဲဒီနောက် တရားဝင်ငွေလွှဲအထောက်အထား မပြနိုင်သူတွေကို OWIC ကတ် ထုတ်ပေးတာနဲ့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတာတွေမှာ ကန့်သတ်နေသလို နိုင်ငံအလိုက် မြန်မာသံရုံးတွေမှာ ငွေလွှဲအထောက်အထား စိစစ်တာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
ဒါ့အပြင် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေနဲ့ ပြည်ပရောက်လုပ်သားတွေကို ဖိအားပေး ကြပ်မတ်နေတယ်လို့ အေဂျင်စီတွေထံကနေ သိရပါတယ်။
အခုလို ဘဏ်ငွေလွှဲနှုန်းထားတွေ တိုးမြှင့်လိုက်ပေမဲ့ ပြင်ပငွေလဲဈေးကွက်ပေါက်ဈေးနဲ့ ကွာဟချက်ရှိနေဆဲ ဖြစ်တာကြောင့် တရားဝင်လမ်းကြောင်းကနေ ငွေလွှဲရာမှာ ငွေကြေး နစ်နာမှုတွေ ကြုံနေရတုန်းပဲလို့ ပြည်ပရောက် အလုပ်သမားတွေက ထောက်ပြပါတယ်။
လက်ရှိ ပြင်ပ ငွေလဲဈေးကွက်မှာ အမေရိကန် ၁ ဒေါ်လာ ရောင်းဈေးဟာ ကျပ် ၅,၁၀၀ ဝန်းကျင်အထိ မြင့်တက်ရောက်ရှိနေပြီး ကျပ်ငွေတန်ဖိုးက ဆက်တိုက်ကျဆင်းနေတာ ဖြစ်ပါတယ်။











