မြန်မာအလုပ်သမားသမဂ္ဂများ ဖိနှိပ်ခံနေရမှုကို နိုင်ငံတကာအလုပ်သမားညီလာခံ၌ တင်ပြ

ဘရာဇီးနိုင်ငံ၊ ဆော်ပေါ်လိုမြို့မှာ ကျင်းပနေတဲ့ အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေးနဲ့ သစ်လုပ်ငန်း အလုပ်သမားများအဖွဲ့ချုပ် (BWI) ရဲ့ ၆ ကြိမ်မြောက် ကမ္ဘာ့ညီလာခံနဲ့ ဆက်စပ်ကျင်းပတဲ့ Global Organising Academy (GOA) ဆွေးနွေးပွဲမှာ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံက အလုပ်သမားသမဂ္ဂတွေအပေါ် ဖိနှိပ်နေမှုတွေကို တင်ပြခဲ့တယ်လို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးနဲ့ သစ်လုပ်ငန်း အလုပ်သမားများအဖွဲ့ချုပ် (BWFM) က နို၀င်ဘာ ၁၈ ရက်က ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁၇ ရက်နေ့ ပြုလုပ်တဲ့ အဲဒီဆွေးနွေးပွဲမှာ BWFM ကိုယ်စားလှယ် ဦးမင်းမင်းလတ်က ဗီဒီယိုကနေတဆင့် ပါဝင်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံက အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေဟာ ဖမ်းဝရမ်းထုတ်ခံရတာ၊ နိုင်ငံကူးလက်မှတ် ရုပ်သိမ်းခံရတာ၊ ဖမ်းဆီး ထောင်ချခံရတာနဲ့ နှိပ်စက်ညှဉ်းပန်းခံရတာတွေ အပါအဝင် ဖိနှိပ်မှုအမျိုးမျိုးနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါတွေကို ဆွေးနွေးပွဲမှာ နိုင်ငံတကာကိုယ်စားလှယ်တွေကို ရှင်းပြခဲ့တယ်လို့ BWFM ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီလို ဖိနှိပ်ခြိမ်းခြောက်မှုတွေ ရှိနေပေမဲ့လည်း အလုပ်သမားအခွင့်အရေး၊ လွတ်လပ်မှုနဲ့ ဒီမိုကရေစီအတွက် ဆက်လက်ရပ်တည်သွားမယ်အပြင် BWFM ရဲ့ သန္နိဋ္ဌာန်ကတော့ ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ ဆွေးနွေးပွဲမှာ ပြောခဲ့ပါတယ်။
မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုအပေါ် တသားတည်း ရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ ဆွေးနွေးပွဲ တက်ရောက်လာတဲ့ နိုင်ငံတကာအလုပ်သမားသမဂ္ဂကိုယ်စားလှယ်တွေက လက် ၃ ချောင်းထောင်ပြီး “Solidarity! Free Myanmar!” လို့ ကြွေးကြော်ခဲ့ကြပြီး ဖိလစ်ပိုင်နိုင်ငံ FFW အဖွဲ့က Julius Cainglet ရေးစပ်ထားတဲ့ “Hands Off” သီချင်းကိုလည်း အတူတကွ သီဆိုခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံတကာက အလုပ်သမားခေါင်းဆောင်တွေ တက်ရောက်ခဲ့တဲ့ ဒီပွဲမှာ သမဂ္ဂမဖွဲ့စည်းရသေးတဲ့ အလုပ်သမားတွေ၊ ရွှေ့ပြောင်းလုပ်သားတွေနဲ့ လူငယ်အလုပ်သမားတွေကို စည်းရုံးဖွဲ့စည်းနိုင်ရေးအပြင် နိုင်ငံရေးဖိနှိပ်မှုနဲ့ ပဋိပက္ခတွေကြားမှာ အလုပ်သမားသမဂ္ဂတွေ ပိုမိုခိုင်မာအားကောင်းလာစေရေး ကိစ္စရပ်တွေကိုလည်း အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။
BWI ရဲ့ Global Organising Academy (GOA) အစီအစဉ်ဟာ အလုပ်သမားသမဂ္ဂတွေ မဖွဲ့စည်းရသေးတဲ့ လုပ်ငန်းခွင်တွေမှ အလုပ်သမားတွေကို စည်းရုံးဖွဲ့စည်းဖို့နဲ့ ရှိပြီးသား အလုပ်သမားသမဂ္ဂတွေရဲ့ စည်းရုံးရေးစွမ်းရည်၊ အဖွဲ့အစည်းဆိုင်ရာ ခိုင်မာအားကောင်းမှုတို့ကို မြှင့်တင်ရန် ရည်ရွယ်တဲ့ အစီအစဉ်တခု ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။
မြန်မာနိုင်ငံ ဆောက်လုပ်ရေးနဲ့ သစ်လုပ်ငန်း အလုပ်သမားများအဖွဲ့ချုပ်ဟာ မြန်မာနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေနဲ့ သစ်အခြေခံလုပ်ငန်းခွင်တွေက အလုပ်သမားတွေရဲ့ အခွင့်အရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ လူမှုဘဝဖူလုံရေးတို့အတွက် ဖွဲ့စည်းထားတဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်တခု ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီး BWFM ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီ ပြန်လည်ရရှိရေး လှုပ်ရှားမှုတွေမှာ တခြားသော အလုပ်သမားသမဂ္ဂတွေနဲ့အတူ တက်ကြွစွာ ပါဝင်ခဲ့ပါတယ်။











