
တောင်ကိုရီးယားနိုင်ငံကို G to G စနစ်နဲ့ သွားရောက်လုပ်ကိုင်နေကြတဲ့ ကိုရီးယားရောက် မြန်မာအလုပ်သမားတွေအနေနဲ့ ရရှိလုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင် ဘဏ်လမ်းကြောင်း တွေကနေ မလွဲပို့ရင် နောက်တကြိမ် ပြည်ပထွက် အလုပ်လုပ်ခွင့် ၂ နှစ် ပိတ်ပင်မယ်လို့ စစ်အာဏာရှင်လက်အောက်ခံ အလုပ်သမားဌာနက နို၀င်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။
တောင်ကိုရီးယားနိုင်ငံကို G to G စနစ်နဲ့ ရောက်ရှိလာတဲ့မြန်မာအလုပ်သမားတွေထဲမှာ စစ်အာဏာရှင်ရဲ့ ညွန်ကြားချက်နဲ့အညီ တရား၀င်လမ်းကြောင်းကနေ ပြန်လွှဲပို့တာ မလုပ်ဘဲ ပျက်ကွက်နေတာကို စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။
လက်ရှိ ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ်သမားတွေအနေနဲ့ ရရှိလာတဲ့ လုပ်ခလစာရဲ့ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မိမိတို့ရဲ့ မိသားစုဝင်တွေဆီ တရားဝင်ဘဏ်လမ်းကြောင်းတွေကနေ မပျက်မကွက် လွှဲပို့ရမယ်လို့ ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။
ဒါကြောင့် G to G စာချုပ်ရဲ့ စည်းကမ်းချက်တွေအရ သတ်မှတ်ထားတဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင် ဘဏ်တွေ၊ Remittance Business License (RBL) ရှိသူတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ထားတဲ့ နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုလုပ်ငန်းတွေကနေ ၁ လ ၁ ခါ ဒါမှမဟုတ် အများဆုံး ၃ လ ၁ ခါ ပုံမှန် လွှဲပို့ကြဖို့ စစ်အာဏာရှင်ဘက်က ဖိအားပေးနေပါတယ်။
ဒီလို လွှဲပို့တာတွေ မလုပ်ဘဲ ဖောက်ဖျက် ကျူးလွန်ကြောင်း စိစစ်တွေ့ရှိရမယ်ဆိုရင်တော့ နောက်တခါ ပြည်ပထွက် အလုပ်လုပ်ခွင့် ၂ နှစ် ပိတ်ပင်ခံရမယ်လို့ ထုတ်ပြန်ချက်မှာ သတိပေးပါတယ်။
တရား၀င်လမ်းကြောင်းကနေ ငွေလွှဲပို့ခဲ့တဲ့ အထောက်အထား စာရွက်စာတမ်းတွေကို မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံခြင်း၊ ရွှေ့ပြောင်းနိုင်တာနဲ့ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေ ဝယ်ယူသုံးစွဲရာမှာ အခွန်ကင်းလွတ်ခွင့်နဲ့ အခွန်သက်သာခွင့်တွေ ရရှိနိုင်ဖို့အတွက် သေချာသိမ်းဆည်းထားကြဖို့လည်း စစ်အာဏာရှင်လက်အောက်ခံ အလုပ်သမားညွန်ကြားရေးဦးစီးဌာနက အသိပေးပါတယ်။
တောင်ကိုရီးယားရောက် မြန်မာအလုပ်သမားတွေအနေနဲ့ နောက်တခါ လုပ်ငန်းဆောင်တာ အခက်အခဲတွေ မရှိရအောင် သတ်မှတ်ချက်အတိုင်း ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းကနေ ပုံမှန် လွှဲပို့ကြဖို့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။
စစ်အာဏာရှင်လက်အောက်ခံ မြန်မာသံရုံးတွေမှာ PJ လက်မှတ်ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသားတွေ ပတ်စ်ပို့စ် သက်တမ်းတိုးရာမှာ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ရမဲ့အပြင် မိသားစုထံ ၂၅ ရာခိုင်နှုန်း ၃ လစာ ငွေလွှဲပို့ထားတဲ့ အထောက်အထားတွေကို တင်ပြရမယ်လို့ အမိန့်ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ စစ်အာဏာရှင်လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ပြည်ပအလုပ် အေဂျင်စီတွေ ကိုလည်း တင်းကျပ်နေပြီး၊ ပြည်ပစေလွှတ်တဲ့ အလုပ်သမားတွေရဲ့ လွှဲပို့ငွေနဲ့ အခွန် အထောက်အထား အပြည့်အစုံ မတင်ပြနိုင်တဲ့ အေဂျင်စီတွေပေါင်း ၁၀၀ ကျော်ကို အလုပ်ခေါ်စာ အသစ် တင်ပြခွင့် ဆိုင်းငံ့ထားပါတယ်။
DVB Data Team က စုဆောင်းထားတဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁-၂၂ မှာ ပြည်ပက အလုပ်သမားတွေ လွှဲပို့တဲ့ ငွေပမာဏဟာ ဒေါ်လာ ၈၅၂ ဒသမ ၄ သန်းအထိ ကျဆင်းခဲ့ပြီးနောက်၊ ၂၀၂၂-၂၃ မှာ ဒေါ်လာ ၁၆၂၈ ဒသမ ၃ သန်း (၁ ဒသမ ၆ ဘီလီယံ ဒေါ်လာ) အဆအားဖြင့် ၂ ဆ နီးပါးအထိ ပြန်လည်ရရှိတာ တွေ့ရပါတယ်။
Source: အလုပ်သမားညွှန်ကြားရေးဦးစီးဌာန











