
မြန်မာလုပ်သားအများစု နေထိုင် အလုပ်လုပ်ကိုင်ရာ စမွန်စခွန်းခရိုင် မဟာချိုင်အရပ်မှာ နိုဝင်ဘာ ၁၅ ရက်က မီးလောင်မှုဖြစ်ပြီး မြန်မာရွှေ့ပြောင်းလုပ်သားတွေ အသက်လု ထွက်ပြေးခဲ့ကြရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
မနေ့မနက် ၁၁ နာရီ ၄၅ မိနစ်လောက်က စမွတ်စခွန်းမြို့၊ မဟာချိုင်ရပ်ကွက်ရှိ ပုစွန်ဈေးကြီးထဲက တိုက်တန်းလျားမှာ မီးလောင်မှုဖြစ်ကြောင်း သတင်းရတာကြောင့် မီးသတ်ကား ၁၀ စီးနဲ့ သွားရောက် ငြှိမ်းသတ်ခဲ့တယ်လို့ မြို့နယ်မီးသတ်ဌာန တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။
အခင်းဖြစ်တဲ့နေရာမှာ အောက်ထပ်မှာ ဈေးဆိုင်တွေဖွင့်ထားတဲ့ ၄ ထပ် တိုက်ခန်းတွဲတွေ ဖြစ်တယ်။ တိုက်ခန်းအမှတ် ၉၇/၇ ခန်းရှေ့ ထရန်စဖော်မာ မီးအားမြှင့်စက် ပေါက်ကွဲမှုက စလောင်တာလို့ ယူဆရပြီး အဲဒီတိုက်ခန်းတွေမှာ ကုန်စုံဆိုင်တွေ၊ မီးလောင်လွယ်တဲ့ ပလတ်စတစ်ပစ္စည်း၊ ဖော့ဘူးအရောင်းဆိုင်တွေ ပါရှိတာကြောင့် အလွယ်တကူ မီးကူးကာ အရှိန်ပြင်းပြင်းနဲ့ လောင်ကျွမ်းခဲ့ပါတယ်။
အနီးနားနေ ပြည်သူတယောက် ပြောပြချက်အရ ကျယ်လောင်တဲ့ ပေါက်ကွဲသံ အရင်ကြားရပြီး မီးခိုးတွေ ထွက်လာတယ်၊ အဲဒီနောက် မီးတောက်မီးလျှံတွေပါ ကောင်းကင်ပေါ်တက်လာတာ၊ မြန်မာလုပ်သား အများစုဖြစ်တဲ့ လူတွေဟာ နိုင်သလောက် အထုပ်တွေဆွဲပြီး အသက်လု ထွက်ပြေးလာကြတယ်လို့ ဆိုပါတယ်။
စမွတ်စခွန်းမြို့တော်စည်ပင်ဥက္ကဋ္ဌ နိုင်းချွန်းဖွန်း ကျန်ကျရတ်ဝပ်ထနားကလည်း မီးသတ်တပ်ဖွဲ့ဝင်နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေရော၊ ရပ်ကွက်ထဲက ပြည်သူတွေပါ ဝိုင်းဝန်းကူညီမီးသတ်ကြတာမှာ အချိန် တနာရီလောက်ကြာမှ မီးညွန့်ကျိုးသွားတယ်လို့ ပြောပါတယ်။
တိုက်ခန်းတွဲ ၈ ခန်း မီးလောင်သွားပေမဲ့ သေဆုံးဒဏ်ရာရသူတော့ မရှိကြောင်းနဲ့ မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှု စာရင်းတွေတော့ စစ်ဆေးနေဆဲလို့ သတင်းထောက်တွေကို ပြောပါတယ်။
Source: MCOT News / စမွတ်စခွန်းပြန်ကြားရေးဌာန











