DVB Logo
Home
မြန်မာသတင်း

ဘန်ကောက်တွင် အမျိုးသမီး ၁ ဦးအား ၄ ပိုင်းဖြတ်သတ်ခဲ့သူ မြန်မာအမျိုးသားအား ဖမ်းဆီးရမိ

DVB
·
November 24, 2026
Photo: Daily News
Photo: Daily News
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ လတ်ဖရောက်လမ်းသွယ် ၁၀၉ လမ်း အမှိုက်ပုံမှာ ပြီးခဲ့တဲ့ရက်ပိုင်းက အပိုင်း ၄ ပိုင်း ခုတ်ထစ်စွန့်ပစ်ခံထားရတဲ့ အမျိုးသမီးတယောက်ရဲ့ အလောင်းကို တွေ့ရှိပြီးတဲ့နောက် တာဝန်ရှိသူတွေက တရားခံကို လိုက်လံစုံစမ်းတာမှာ ကျူးလွန်သူလို့ သံသယရှိတဲ့  မြန်မာအမျိုးသား တယောက်ကို ဖမ်းဆီးရမိပြီလို့  နခွန်းဘန်နယ်မြေရဲတပ်ဖွဲ့က ထုတ်ပြန်ပြောပါတယ်။

တာဝန်ရှိသူတွေဟာ အဆိုပါအနီးနားတဝိုက်ရှိ စီစီတီဗီ ကင်မရာတွေကနေတဆင့် တရားခံကို လိုက်လံရှာဖွေတဲ့အနေနဲ့ အဝါရောင်အင်္ကျီဝတ် အမျိုးသားတယောက်ကို ဦးစွာ စစ်ဆေးရာမှာ  သူကတော့ အမှိုက်ကောက်သမားတယောက်သာဖြစ်ပြီး အမှုနဲ့ ပတ်သက်ခြင်းမရှိတာ တွေ့ရှိပါတယ်။

ဆက်လက်ပြီး အခင်းဖြစ်ပွားတဲ့ နေရာနဲ့ မီတာ ၂၀ လောက်သာကွာတဲ့ ၅ ထပ်တိုက်က စီစီတီဗီ ကင်မရာမှာ နိုဝင်ဘာ ၁၈ ရက် ည ၁၀ နာရီ ၁၄ မိနစ်မှ ၁၀ နာရီ ၄၀ မိနစ်ထိ အမျိုးသားတယောက် အထုပ်ကြီးကြီးထမ်းပြီး ဝင်ချီ ထွက်ချီ ၃ ကြိမ်လုပ်တယ်၊ နောက်ဆုံးတွေ့တဲ့ အထုပ်က အမှိုက်ပုံရှိ ဦးခေါင်းထည့်ထားတဲ့ အထုပ်နဲ့ ဆင်တူတယ်၊ ဒါကြောင့် မနေ့က သူထွက်လာရာ အထပ် ၃ အခန်းနံပါတ် ၃၁၁ ထဲ ဝင်ရောက်စစ်ဆေးတာမှာ လူနဲ့ ပစ္စည်းပစ္စယ မတွေ့ရတော့ဘဲ သွေးစသွေးနတွေသာ တွေ့တယ်၊ သွေးတွေအများဆုံးကတော့ ရေချိုးခန်းထဲမှာဖြစ်တယ်လို့ နခွန်းဘန်နယ်မြေ ရဲတပ်ဖွဲ့ ရဲမှူးချုပ် ဆယမ် ဘွန်းဆုန်က သတင်းထောက်တွေကို ပြောပါတယ်။

အခန်းဘေးမှာ ငှားရမ်းနေထိုင်သူတွေ ပြောပြချက်အရ အဲဒီအခန်းမှာ လွန်ခဲ့တဲ့ ၃ လကျော်က မြန်မာလုပ်သားစုံတွဲ လာငှားနေတယ်၊ စုံတွဲမှာ မကြာခဏ ရန်ဖြစ်‌လေ့ရှိတယ်၊ အဓိကမှာ သဝန်တိုမှုကြောင့်လို့ ယူဆတယ်၊ သူတို့နဲ့ ဘာသာစကားမပေါက်တော့ အပြောအဆိုလုပ်တာ မရှိဘူး၊ ၁၈ ရက်နေ့ နောက်ပိုင်းကစ မိန်းကလေးကို မတွေ့ရတော့ဘူး၊ ၂၀ ရက်နေ့နောက်ပိုင်း တိုက်ခန်းအနီးမှာ အပုပ်နံ့တွေ နံစော်လာတာလို့ ပြောပါတယ်။

တိုက်ခန်းပိုင်ရှင်ကလည်း အဲဒီအခန်းကို လာရောက်ငှားရမ်းသူမှာ အသက် ၂၁ နှစ်ရွယ် ဗညားစိုးလှိုင် ဆိုသူဖြစ်တယ်၊ သူရော သူ့ကောင်မလေးပါ မုန့်ဖုတ်စက်ရုံမှာ အလုပ်လုပ်တယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက ကျူးလွန်သူမှာ နယ်စပ်ကနေ တဘက်နိုင်ငံကို ထွက်ပြေးဖွယ်ရှိကြောင်း ယူဆပြီး နယ်စပ်လုံခြုံရေးရဲတပ်ဖွဲ့ထံ အကြောင်းကြားထားသလို တဘက်ကလည်း သဲလွန်စတွေ ချိတ်ဆက် ရှာဖွေခဲ့ပါတယ်။

နိုဝင်ဘာ ၂၂ ရက် ညက သူ့ကို လာကြိုသွားတဲ့ အဖြူရောင် အငှားကားတစီးကနေ  လိုက်လံစစ်ဆေးရာမှာ သူဟာ စမွတ်စခွန်းခရိုင်၊ ကထုန့်ဘဲန်မြို့နယ်၊ အုမ်းနွဲ့ရပ်ကွက်ထဲမှာ ပုန်းရှောင်နေကြောင်း သိရတာကြောင့် ဖမ်းဝရမ်းနဲ့ နိုဝင်ဘာ ၂၃ ရက် ညက နခွန်းဘန်းနယ်မြေ ရဲတပ်ဖွဲ့နဲ့ လတ်ဖရောက်နယ်မြေ ရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီး သွားရောက်ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့က စီစီတီဗီ ကင်မရာထဲကပုံတွေ ညွှန်ပြရာမှာ သူက အဲဒါဟာ သူပါပဲလို့ ဝန်ခံခဲ့ပါတယ်။ သူ့မိန်းမအမည်မှာ နှင်းစုခိုင်လို့ ပြောပြီး ဘာကြောင့်သတ်ရသလဲ ဆိုတာတော့ ဖြေကြားခြင်းမရှိသေးပါဘူး။

တာဝန်ရှိသူတွေက သူ့ကို လတ်ဖရောက်နယ်မြေရဲစခန်းကို ခေါ်ဆောင်လာပြီး ဖြစ်ရပ်မှန် ထွက်ဆိုဖို့ ဆက်လက်စစ်ဆးနေတယ်လို့ ဆိုပါတယ်။

ပျောက်ဆုံးနေတဲ့ မိန်းကလေးရဲ့ အတွင်းကလီစာ၊ နှလုံးနဲ့ ညာဘက်လက်တဘက်ကိုလည်း ရှာလို့ မတွေ့သေးပါဘူး။ မိန်းကလေးရဲ့ မျက်နှာမှာ မည်သူမည်ဝါမှန်း မသိရအောင် ဓားနဲ့မွှန်းထားပြီး လက်ဗွေရာနဲ့ ခန္ဓာကိုယ်က ထင်ရှားတဲ့ အမှတ်အသားတွေလည်း ဓားနဲ့ ဖျက်ထားတယ်၊ ညာဘက်လက်မှာလည်း ထင်ရှားတဲ့အမှတ်အသား ရှိဟန်တူတယ်လို့ ရဲတွေက ခန့်မှန်းပါတယ်။

စစ်‌‌ဆေးမေးမြန်းမှုတွေ ပြီးဆုံးက သူ့ကို သရုပ်ပြ ပြန်လုပ်ခိုင်းဖို့ရှိပြီး တမင်ရည်ရွယ် လူသတ်မှု၊ အလောင်းဖျောက်ဖျက်မှုတွေနဲ့ အရေးယူသွားမယ်လို့  ရဲမှူးချုပ်က ပြောပါတယ်။

နိုဝင်ဘာ ၂၂ ရက်ညက လတ်ဖရောက် ၁၀၉ လမ်းထဲမှာ အပုပ်နံ့တွေရလို့ ရပ်ကွက်နေ အမှိုက်ကောက်သမားက သွားကြည့်ရာမှာ အမှိုက်ပုံထဲမှာ မိန်းကလေးရဲ့ ဦးခေါင်း၊ ခန္ဓာကိုယ်အပေါ်ပိုင်း၊ ခန္ဓာကိုယ်အောက်ပိုင်းနဲ့ ခြေလက်တွေကို အထုပ် ၄ ထုပ်နဲ့ ထုပ်ပြီး လာရောက်စွန့်ပစ်သွားတာကို တွေ့ရှိခဲ့ပြီး တာဝန်ရှိသူတွေဆီ အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

Source: Nation Online / Daily News

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013