
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ အုတ်ပုံကျေးရွာမှာ နိုဝင်ဘာ ၁၀ ရက် ည ၈ နာရီလောက်က ဓားပြတိုက် လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ မြို့နယ်ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
ဓားပြတိုက် သတ်ဖြတ်ခံရသူမှာ အသက် ၆၀ အရွယ် ဒေါ်ဌေးမှီ ဖြစ်ပြီး လည်ပင်းကို ဓားနဲ့လှီးသတ်ကာ ရွှေ ၃ ကျပ်သားနဲ့ ငွေ ၂၇၀,၀၀၀ ယူဆောင်သွားတယ်လို့ သိရပါတယ်။
ပြန်ကြားရေတာဝန်ခံ ကိုဇော်လင်းနိုင်က “ဓားပြတိုက်တဲ့သူတွေကိုတော့ မမိသေးပါဘူး။ ထူးခြားဖြစ်စဉ်ရှိရင် အကြောင်းကြားဖို့ သက်ဆိုင်ရာ ပကဖ တွေကိုတော့ မှာထားပါတယ်။ အခုလို ဓားပြမှုတွေကို အရပ်သားပြည်သူတွေက ကျူးလွန်တယ်ဆိုရင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ တွေက ဖမ်းဆီးပြီး ပြည်သူ့လုံခြုံရေးအဖွဲ့ ပလဖထံ တရားစွဲဆိုဖို့ အပ်နှံပြီး တော်လှန်ရေးအဖွဲ့တွေက ကျူးလွန်ရင် ခရိုင်၊ တိုင်း၊ ဗဟို စစ်တရားရုံးထိ ပို့ဆောင်ပါတယ်ခင်ဗျ” လို့ ပြောပါတယ်။
အထက်ပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖြစ်စဉ်အသေးစိတ်ကို DVB က မေးထားပေမဲ့ ပြန်လည် ဖြေကြားခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဩဂုတ်လထဲကလည်း ဝက်လက်မြို့နယ်၊ မုဆိုးခြုံကျေးရွာမှာ ဓားပြတိုက် လူသတ်မှုတခု ရှိခဲ့တယ်လို့ ဆိုထားပြီး တရားခံ ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။











