ရှမ်းကိုးမီး ကစားပြီး အကြွေးတင်ရာက သူငယ်ချင်းအား ဓားဖြင့်ထိုးသတ်ခဲ့သူကို ဖမ်းမိ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မှာ ရှမ်းကိုးမီးဖဲကစားပြီး ငွေကျပ် ၅၆ သိန်း အကြွေးတင်ရာကနေ ပါးရိုက်ခံရတဲ့အပေါ် လူငယ်အချင်းချင်း ဓားနဲ့ထိုးသတ် အလောင်းစွန့်ပစ်ထားခဲ့သူကို ဖမ်းမိပြီလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေဆီကသိရပါတယ်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၅ ရက် ည ၇ နာရီခွဲဝန်းကျင်က အောင်ကုသိုလ်ရပ်ကွက်၊ ၆ လမ်းမှာ နေထိုင်တဲ့ အသက် ၂၁ နှစ်အရွယ် ကိုရဲမင်းထွန်းဟာ ကြာကန်ကွင်း မီးပုံးလွှတ်ပွဲကို သွားမယ်လို့ ပြောပြီး နေအိမ်ကနေ ထွက်ခွာခဲ့ပါတယ်။
အဲဒီနောက် ကြာကန်ရပ်ကွက်၊ ကြာညိုလမ်းသွယ် ၁ မှာ နေထိုင်တဲ့ အသက် ၁၇ နှစ်အရွယ် သူငယ်ချင်း မိုးမင်းသူ (ခ) ပိုင်ဖြိုးသူရဲ့ နေအိမ်ကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီနေအိမ်မှာ နှစ်ယောက်အတူ အကြွေးစနစ်နဲ့ ရှမ်းကိုးမီးကစားခဲ့ကြပြီး ကိုရဲမင်းထွန်းက ငွေကျပ် ၅၆ သိန်းအထိ ရှုံးနိမ့်ခဲ့လို့ မိုးမင်းသူ (ခ) ပိုင်ဖြိုးသူက အကြွေးမပေးနိုင်ရင် ဆိုင်ကယ်ကို သိမ်းယူမယ်လို့ ပြောဆိုခဲ့တာကြောင့် ကိုရဲမင်းထွန်းက ဆိုင်ကယ်သော့ကို ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ မိုးမင်းသူက ဆိုင်ကယ်ကိုမယူတော့ဘူးလို့ပြောပြီး သော့ကို ပြန်ပေးခဲ့ချိန်မှာ ကိုရဲမင်းထွန်းက သော့ကိုပြန်ယူပြီး မိုးမင်းသူကို ပါးတချက် ရိုက်ခဲ့တယ်လို့ ကျူးလွန်သူရဲ့ ထွက်ဆိုချက်အရ သိရပါတယ်။
အဲဒီလို ပါးရိုက်ခံရတာကို အငြှိုးထားပြီး သတ်ဖြတ်ဖို့ဆုံးဖြတ်ခဲ့ကာ ဓားမြှောင်ထည့်ထားတဲ့ လွယ်အိတ်ကို ယူဆောင်ပြီး ရာဘာအစေးလှီးဖို့ ဖောင်စိန်ရပ်ကွက်ဘက်ကို ဆိုင်ကယ်နဲ့ လိုက်ပို့ပေးဖို့ ကိုရဲမင်းထွန်းကို ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
ကိုရဲမင်းထွန်း မောင်းတဲ့ ဆိုင်ကယ်မှာ မိုးမင်းသူက နောက်ကလိုက်ပါလာပြီး စက်သစ်ရပ်ကွက်၊ စိုက်ကွက် ၃ က ရာဘာစိုက်ခင်းအနီး ချုံတောစပ်ကို ရောက်တဲ့အခါ ဆိုင်ကယ်ရပ်ခိုင်းခဲ့ပါတယ်။
အဲဒီနောက် ကိုရဲမင်းထွန်း ဆိုင်ကယ်ပေါ်က မဆင်းခင် အသင့်ယူဆောင်လာတဲ့ ဓားမြှောင်နဲ့ ညာဘက်နံကြားကိုထိုးခဲ့ပြီး ရုပ်အလောင်းကို ချုံတောစပ်မှာ စွန့်ပစ်ထားခဲ့တယ်လို့ သိရပါတယ်။
အဲဒီအပြင် သေဆုံးသူရဲ့ နံပါတ်မပါ ဟွန်ဒါဝေ့ဗ် ၁၂၅ အိုင် ဆိုင်ကယ်နဲ့ ရှောင်မီ စီဗီ ၃ လက်ကိုင်ဖုန်းတို့ကိုလည်း ယူဆောင်ထွက်ပြေးခဲ့တယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့နဲ့နီးစပ်သူတယောက်က “ရှမ်းကိုးမီးကစားရာက ငွေကြေးအကြွေးတင်ပြီး သူငယ်ချင်းအချင်းချင်း အခုလို သတ်ဖြတ်တဲ့အထိ ဖြစ်သွားတာပါ။ လောင်းကစားကြောင့် ငွေကြေးအပြင် လူမှုရေးပြဿနာတွေပါ ဆက်ဖြစ်လာတာကြောင့် စိုးရိမ်စရာကောင်းပါတယ်” လို့ ပြောပါတယ်။
ကိုရဲမင်းထွန်းဟာ နေအိမ်ကနေထွက်ခွာသွားပြီးနောက် ပြန်မရောက်လာတာကြောင့် မိသားစုဝင်တွေက သံဖြူဇရပ်မြို့မရဲစခန်းမှာ လူပျောက်အမှတ်စဉ် (၁/၂၀၂၆) နဲ့ အမှုဖွင့်တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။
စုံစမ်းစစ်ဆေးမှုတွေအရ မိုးမင်းသူ (ခ) ပိုင်ဖြိုးသူကို နိုဝင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းမှာ ခေါ်ယူစစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုပြီး အခင်းဖြစ်နေရာက ရုပ်အလောင်းကို လိုက်လံပြသခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ မိုးမင်းသူ (ခ) ပိုင်ဖြိုးသူကို သံဖြူဇရပ်မြို့မရဲစခန်းက အမှုအမှတ် (ပ) ၁၃၂/၂၀၂၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၈၂၊ အမှုကြီးအမှတ်စဉ် (၂/၂၀၂၆) တို့နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။











