
ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့ကနေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ထွက်ခွာလာတဲ့ ခရီးသည်တင် ထိုင်းလေကြောင်းလိုင်း Thai Airways လေယာဉ်တစင်းဟာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ အရေးပေါ် ဆင်းသက်ခဲ့ရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
နိုဝင်ဘာ ၁၄ ရက် ဒေသစံတော်ချိန် နေ့လယ် ၁ နာရီ ၃၅ မိနစ်မှာ မြူးနစ်ကနေ ဘန်ကောက်ကို ထွက်ခွာ ပျံသန်းခဲ့တဲ့ Airbus A350-900 လေယာဉ်အမျိုးအစား ခရီးစဉ်အမှတ် TG925 ဟာ နည်းပညာပိုင်း ချို့ယွင်းချက်တခုကြောင့် လမ်းကြောင်းလွှဲပြီး အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့က အင်ဒီရာဂန္ဒီ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အရေးပေါ် ဆင်းသက်ခဲ့ရတာလို့ လေကြောင်းလိုင်း ကုမ္ပဏီက ထုတ်ပြန်ပါတယ်။
လေယာဉ်ပျံသန်းနေစဉ်အတွင်း လေယာဉ်မှူးက နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုတခုကို သတိပြုမိခဲ့တာကြောင့် ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်းတွေရဲ့ ဘေးကင်းလုံခြုံရေးကို ဦးစားပေးတဲ့အနေနဲ့ လမ်းကြောင်းလွှဲပြီး နယူးဒေလီမှာ ဆင်းသက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
နယူးဒေလီလေဆိပ်မှာ လေယာဉ်ဟာ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ပြီး ခရီးသည်အားလုံးလည်း ဘေးကင်းလုံခြုံစွာ ရှိနေတယ်လို့ သိရပါတယ်။
လေကြောင်းလိုင်း ကုမ္ပဏီအနေနဲ့ ခရီးစဉ် ဆက်လက်ထွက်ခွာဖို့ စောင့်ဆိုင်းနေကြရတဲ့ ခရီးသည်တွေအတွက် ဟိုတယ်တည်းခိုနေထိုင်ရေးတွေကို ချက်ချင်းစီစဉ်ပေးခဲ့သလို နယူးဒေလီမှာ ရောက်ရှိနေတဲ့ ခရီးသည်တွေကို ပြန်လည်ခေါ်ဆောင်ပြီး နေရပ်ပြန်ပို့ပေးဖို့အတွက် ဘန်ကောက်ကနေ အထူးလေယာဉ်တစင်းကိုလည်း စီစဉ်ပေးထားပါတယ်။
ကနဦး သတင်းတွေအရ လေယာဉ်ဟာ ထိုင်းနိုင်ငံကနေ အပိုပစ္စည်းတွေ လှမ်းမှာပြီး အစားထိုးတပ်ဆင်ရမဲ့ အင်ဂျင်ပိုင်းဆိုင်ရာ ပြဿနာတခု ဖြစ်တယ်လို့ သိရပါတယ်။
လေယာဉ်ဆင်းသက်ပြီးနောက်မှာ ခရီးသည်တွေဟာ လေယာဉ်ပေါ်မှာပဲ ၂ နာရီနီးပါးကြာအောင် ဆက်လက်နေထိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီနောက်မှာမှ ခရီးသည်တွေကို လေယာဉ်ပေါ်ကနေ ဆင်းခွင့်ပြုခဲ့ပြီး ဘန်ကောက်ကို ဆက်လက်ထွက်ခွာမဲ့ခရီးစဉ်သတင်းအချက်အလက်တွေကို စောင့်ဆိုင်းနေစဉ်အတွင်း သူတို့အတွက် စီစဉ်ပေးထားတဲ့ ဟိုတယ်တွေဆီ ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။
ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်းတွေရဲ့ ဘေးကင်းလုံခြုံရေးဟာ သူတို့ရဲ့ အမြင့်မားဆုံး ဦးစားပေးဖြစ်ပြီး လုပ်ငန်းစဉ်အားလုံးကို လေကြောင်းဘေးကင်းလုံခြုံရေး စံချိန်စံညွှန်းတွေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ တိတိကျကျ လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း Thai Airways က ပြောပါတယ်။
ဒါ့အပြင် အခုလို အဆင်မပြေမှုတွေ ဖြစ်ပေါ်ခဲ့ရတဲ့အပေါ် လေကြောင်းလိုင်းဘက်က တောင်းပန်ခဲ့ပြီး အခြေအနေအရပ်ရပ်ကို နားလည်ပေးကြတဲ့ ခရီးသည်အားလုံးကိုလည်း ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။
အဆိုပါလေယာဉ်မှာ လိုက်ပါလာတဲ့ ခရီးသည်အရေအတွက် အတိအကျနဲ့ အင်ဂျင်ပြဿနာရဲ့ အသေးစိတ်အခြေအနေတွေကိုလည်း ချက်ချင်း ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။
Source: The Nation/ Khaosod











