ဒီပါဝလီပွဲတော် ကျင်းပနေချိန် လေထုညစ်ညမ်းမှု ပိုဆိုးရွားလာနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရချိန်မှာ နယူးဒေလီမြို့တော်ရဲ့ လေထုအရည်အသွေးက နိုဝင်ဘာ ၈ ရက်မှာ “ကျန်းမာရေးအတွက် အလွန်အန္တရာယ် များတဲ့အဆင့်” မှာ ဆက်ရှိနေပါတယ်။
ဆွစ်ဇာလန်အခြေစိုက် အဖွဲ့အစည်း IQAir က အဆိပ်အတောက်ဖြစ်စေတဲ့ အရာတွေရဲ့ ပမာဏကို အခြေခံပြီး လေထုအရည်အသွေးကို တိုင်းတာပါတယ်။
IQAir ရဲ့ အချက်အလက်တွေအရ ဒေသစံတော်ချိန် မနက် ၈ နာရီခွဲဝန်းကျင်မှာ မြို့တော်ရဲ့ လေထုအရည်အသွေးညွှန်းကိန်း (AQI) မှာ ၂၉၆ ရှိခဲ့ပြီး “ကျန်းမာရေးအတွက် အလွန်အန္တရာယ် များတဲ့အဆင့်” မှာ ရှိနေပါတယ်။
ပွဲတော်မတိုင်မီ သီတင်းပတ်ကုန်ရက်တွေအတွင်း မြို့ရဲ့ အစိတ်အပိုင်းတချို့မှာ လေထုညစ်ညမ်းမှုအဆင့်က “အန္တရာယ်ရှိလောက်အောင်” မြင့်တက်လာတာကို စောင့်ကြည့် စစ်ဆေးရေး စခန်းတွေက မှတ်တမ်းတင်ထားခဲ့တယ်လို့ IQAir က ပြောပါတယ်။
တနင်္ဂနွေနေ့မှာ India Gate နဲ့ အက်ရှာဒမ် ဟိန္ဒူဘုရားကျောင်း အပါအဝင် ထင်ရှားတဲ့ နေရာတွေကို မီးခိုးမြူတွေ ဖုံးနေဆဲပါ။
ဖုန်မှုန့်တွေကို လျှော့ချနိုင်ဖို့ မီးခိုးမြူနှိမ်နင်းရေး ကိရိယာ တပ်ဆင်ထားတဲ့ ယာဉ်တစင်းက နယူးဒေလီမြို့လမ်းမတွေပေါ်မှာ ရေဖျန်းပေးနေပါတယ်။
“လေထုညစ်ညမ်းမှုအဆင့်က မြင့်တက်ပြီးသား ဖြစ်နေသလို ဒီနေ့ ဒီပါဝလီပွဲတော် ကျင်းပနေတာကြောင့်လည်း ပိုပြီး မြင့်တက်လာနိုင်ပါတယ်” လို့ မြို့ခံ ဗာရွန်က ပြောပါတယ်။
ဟိန္ဒူဘာသာဝင်တို့ရဲ့ မီးထွန်းပွဲတော်ဖြစ်တဲ့ ဒီပါဝလီပွဲတော်မှာ ဆီမီးခွက်တွေ ထွန်းညှိတာနဲ့ မီးရှူးမီးပန်းတွေ ပစ်လွှတ်တာတွေ လုပ်လေ့ရှိပါတယ်။
Source: Reuters











