
တောင်အာရှဒေသရဲ့ နေရာအများအပြားမှာ မီးခိုးမြူတွေ ထပ်ဖုံးလာတာနဲ့အမျှ တရားမဝင် စပါးရိုးပြတ် မီးရှို့တာတွေကို တားမြစ်ပိတ်ပင်ထားတဲ့ စည်းမျဉ်းကို ပိုတင်းကျပ် အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ ပါကစ္စတန် အာဏာပိုင်တွေက ပြောပါတယ်။
နိုဝင်ဘာ ၁၂ ရက်မှာ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့သစ် တခုက တာဝန်ရှိသူတွေဟာ လာဟိုးမြို့အစွန်က စပါးခင်းတခုဆီ ကားတွေနဲ့ အမြန်ရောက်လာခဲ့ပြီး မိနစ်ပိုင်းအတွင်း မီးကို ထိန်းချုပ်ငြှိမ်းသတ်ခဲ့ပါတယ်။
ဆွစ်ဇာလန်အခြေစိုက် IQAir အဖွဲ့က အခုအပတ်အစောပိုင်းမှာ ကျန်းမာရေးအတွက် အလွန်အန္တရာယ်များတဲ့အဆင့်လို့ သတ်မှတ်ထားတဲ့ မြို့တမြို့ပေါ်က မီးခိုးမြူတွေ ပိုဆိုးရွားလာတာကို ဒီနည်းနဲ့ တားဆီးနိုင်ခဲ့ပါတယ်။
အောက်တိုဘာလ ရိတ်သိမ်းချိန်ပြီးတဲ့နောက် ဒေသတွင်းက တောင်သူလယ်သမားတွေဟာ စပါးရိုးပြတ်တွေကို မီးရှို့လေ့ရှိတာကြောင့်လေထုညစ်ညမ်းမှုကို ပိုဆိုးရွားစေတာပါ။
ဆောင်းရာသီ လေအေးထုအောက်မှာ လေထုညစ်ညမ်းမှုတွေက ဆက်ရှိနေပြီး လေထုညစ်ညမ်းမှုအဆင့်ကို အန္တရာယ်ရှိတဲ့ အခြေအနေအထိ မြင့်တက်စေပါတယ်။
ဒီအဖွဲ့ဟာ ပါကစ္စတန်နိုင်ငံမှာ လေထုညစ်ညမ်းမှုကို တိုက်ဖျက်ဖို့ အထူးဖွဲ့စည်းထားတဲ့ ပထမဆုံး အဖွဲ့လို့ အာဏာပိုင်တွေက ပြောပါတယ်။
ပန်ဂျပ်ပြည်နယ် အာဏာပိုင်တွေက အောင်မြင်တယ်ဆိုတဲ့ လှုပ်ရှားမှုရဲ့ ထင်ရှားတဲ့ ခြေလှမ်းတခုလည်း ဖြစ်ပါတယ်။
ဂြိုဟ်တုအချက်အလက်တွေအရ အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတို့မှာ အခုနှစ် ဒီလိုအချိန်ကာလမှာ မီးရှို့ခံရတဲ့ ဧရိယာပမာဏမှာ အရင်နှစ်တွေရဲ့ ပျမ်းမျှပမာဏထက် လျော့နည်းနေတာကို တွေ့ရပေမဲ့ ပါကစ္စတန်နိုင်ငံရှိ ဒေသခံအများစုကတော့ အခြေအနေ တိုးတက်လာတာကို သတိမပြုမိဘူးလို့ ပြောခဲ့ကြပါတယ်။
အစိုးရအနေနဲ့ အခုနှစ်မှာ စပါးအဓိက စိုက်တဲ့ ခရိုင်တွေမှာ စုစုပေါင်း လူဦးရေ ၇၅၀ ပါတဲ့ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ ၆၇ ဖွဲ့ ကို ဖွဲ့စည်းထားတယ်လို့ ပါကစ္စတန်နိုင်ငံ၊ ပန်ဂျပ်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာဌာန အကြီးအကဲ စီလ်ဝပ်ဆာအိက ပြောပါတယ်။
ဒီအဖွဲ့တွေက လယ်ကွင်းတွေမှာ မီးလောင်တဲ့သတင်းရရင် ၁၀ မိနစ်ကနေ ၁၅ မိနစ် အတွင်း အရောက်သွားဖို့ ရည်ရွယ်ထားပါတယ်။
တာဝန်ရှိဒဏ်ကြေးငွေ မပေးဆောင်သူတွေဟာ တရားစွဲခံရနိုင်ပြီး ၆ လအထိ ထောင်ဒဏ် ချမှတ်ခံရနိုင်ပါတယ်။
Source: Reuters











