
တရုတ်နိုင်ငံက ပါကစ္စတန်နိုင်ငံနဲ့အတူ အာကာသနဲ့ တခြားနယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုနက်ရှိုင်းအောင်လုပ်ဖို့နဲ့ ၂ နိုင်ငံဆက်ဆံရေးကို အဆင့်သစ်တခုဆီ မြှင့်တင်ဖို့ အသင့်ရှိနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိုးကျားခွင်းက တနင်္လာနေ့က တရုတ်မြို့တော် ပေကျင်းမြို့မှာလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ပါကစ္စတန် အာကာသယာဉ်မှူးတယောက်က ရှန်ကျိုး-24 စစ်ဆင်ရေးအဖွဲ့မှာ အာကာသဒုံးယာဉ် ပေါက်ကွဲအားဆိုင်ရာ အထူးကျွမ်းကျင်သူအဖြစ် ပါဝင်မှာဖြစ်ပြီး ကမ္ဘာပတ်လမ်းကြောင်းအတွင်း ခရီးတိုပျံသန်းမှုတခု ပြီးမြောက်ချိန်မှာ ရှန်ကျိုး 23 အာကာသယာဉ်နဲ့ ကမ္ဘာမြေဆီ ပြန်ရောက်လာတော့မှာပါ။
ကျယ်ပြောလှတဲ့ စကြာဝဠာကို စူးစမ်းလေ့လာခြင်းနဲ့ အာကာသကို ငြိမ်းငြိမ်းချမ်းချမ်း အသုံးပြုခြင်းတို့ဟာ လူသားမျိုးနွယ်စုတခုလုံးရဲ့ ဘုံရည်မှန်းချက်ဖြစ်ပြီး လူသားအားလုံးရဲ့ အကျိုးစီးပွားနဲ့ သက်ဆိုင်နေတယ်လို့ ကိုးက ပြောပါတယ်။
တရုတ်နဲ့ ပါကစ္စတန်နိုင်ငံတို့ဟာ ဘယ်အခြေအနေမျိုးမှာမဆို ခိုင်မြဲတဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်နိုင်ငံတွေ ဖြစ်တယ်။
တရုတ်အာကာသယာဉ်ပေါ်မှာ ပါကစ္စတန် အာကာသယာဉ်မှူးတယောက် ပါဝင်လာတာက တရုတ်နိုင်ငံရဲ့ လူလိုက်ပါတဲ့ အာကာသအစီအစဉ် သမိုင်းတလျှောက် တရုတ်နဲ့ နိုင်ငံခြားသား အာကာသယာဉ်မှူးတွေ ပူးတွဲဆောင်ရွက်တဲ့ ပထမဆုံး စစ်ဆင်ရေးတခု ဖြစ်လာတယ်။
တရုတ်-ပါကစ္စတန် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကျင်းပနေချိန်မှာ ဒီအချက်က နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကနေ ရလာတဲ့ နောက်ထပ် အရေးပါတဲ့ ရလဒ်တခု ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
တရုတ်ဟာ ပါကစ္စတန်နိုင်ငံနဲ့ လက်တွဲပြီး ရိုးရာချစ်ကြည်ရင်းနှီးမှုကို ဆက်ထိန်းသိမ်းမြှင့်တင်ဖို့၊ အာကာသနဲ့ တခြားနယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုနက်ရှိုင်းစေဖို့နဲ့ ၂ နိုင်ငံ ဆက်ဆံရေးကို အဆင့်သစ်တခုဆီ မြှင့်တင်ဖို့ အသင့်ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။
Source: Reuters











