
ပါကစ္စတန်နိုင်ငံ ခိုင်ဘာပက်ရှ်တွန်ခွာပြည်နယ် ကိုဟတ်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတခု အတွင်း ပါကစ္စတန် ရဲတပ်ဖွဲ့ဝင် ၁၁ ယောက် သေဆုံးသွားနိုင်ဖွယ် ရှိတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က နိုဝင်ဘာ ၁၁ ရက်မှာ ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုထားပေမဲ့ ပါကစ္စတန် ပြည်ထဲရေးဝန်ကြီးဌာနဘက် ကတော့ ချက်ချင်း တုံ့ပြန်ဖြေကြားတာ မရှိသေးပါဘူး။
ဒဏ်ရာရရှိသူတွေကို ကိုဟတ်မြို့ရှိ ခရိုင်အဆင့် KDA ဆေးရုံမှာ ဆေးကုသမှု ပေးနေပြီး အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေက ထိခိုက်ဒဏ်ရာရသူတွေကို ပြုစုစောင့်ရှောက်နေချိန်မှာ ဆွေမျိုးသားချင်း တွေနဲ့ ရဲအရာရှိတွေလည်း ဆေးရုံမှာ စုဝေးရောက်ရှိနေကြပါတယ်။
ဆေးရုံအုပ်ကြီး ဒေါက်တာ ဆိုင်ယက် တာဟီယာ အလီရှားရဲ့ ပြောကြားချက်အရ လက်ရှိ အချိန် အထိ ဒဏ်ရာရရှိသူ ၉ ယောက် ဆေးရုံကို ရောက်ရှိလာပြီး ဆရာဝန်တွေက လိုအပ်တဲ့ အခြေခံ ဆေးကုသမှုတွေ ပေးနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သေဆုံးသူတွေရဲ့ ရုပ်အလောင်းအားလုံး ဆေးရုံကို မရောက်ရှိသေးပေမဲ့ ကနဦး သတင်းပေးပို့ချက်တွေအရ သေဆုံးသူ အရေအတွက်ဟာ ၁၀ ယောက်နဲ့ ၁၁ ယောက်ကြား ရှိနိုင်တယ်လို့ ဆိုပါတယ်။
Source: Reuters











