
ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ဘန်ဘွမ်နယ်မြေထဲမှာ မြန်မာနိုင်ငံသား ၈ ယောက်နဲ့ တရုတ်နိုင်ငံသား ၁ ယောက်တို့ထံကနေ ခေါင်းလျှော်ရည်၊ သွားတိုက်ဆေး၊ ဆပ်ပြာ အစရှိ နာမည်ကြီးတံဆိပ်တွေ တုပထားတဲ့ လူသုံးကုန်ပစ္စည်းမျိုးစုံ စုစုပေါင်း အရေအတွက် ၁၅,၀၀၀ ကျော် ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
နာမည်ကြီးအမှတ်တံဆိပ် လူသုံးကုန်ပစ္စည်း အတုတွေကို TikTok ၊ Shopee အစရှိတဲ့ အွန်လိုင်းပလက်ဖောင်းပေါ်မှာ ဈေးနှုန်းချိုသာစွာ ရောင်းချဖြန့်ဖြူးနေပြီး သုံးစွဲရာမှာ အရေပြားယားယံတာ၊ ဆပ်ပြာရည်အမြှုပ်မထွက်တာ၊ အာနိသင်မရှိတာတွေရှိကြောင်း တိုင်ကြားချက် ရတာကြောင့် စုံစမ်းပြီး နိုဝင်ဘာ ၃ ရက်က မွန်းလွဲမှာ ရာဇဝတ်မှုနှိမ်နင်းရေးရဲတပ်ဖွဲ့အပါအဝင် တာဝန်ရှိသူတွေက ဘန်ဘွမ်နယ်မြေ၊ ဘန်ဘွမ်နေရပ်ကွက်၊ ဘန်ဘွမ် ၅ လမ်း၊ အမှတ် ၁၈၄ ရှိ ဂိုဒေါင်တခုကို သွားစစ်ဆေး ဖမ်းဆီးခဲ့တယ်လို့ ဘန်ဘွမ်နယ်မြေရဲတပ်ဖွဲ့ ဒုရဲမှူးကြီး ဆယာမ်ဘွန်းဆုမ်က သတင်းထောက်တွေကို ပြောပါတယ်။
အဆိုပါနေရာမှာ တထပ်ဂိုဒေါင်ကြီးဖြစ်ပြီး လမ်းကြားရဲ့ အစွန်ဆုံးမှာရှိတယ်၊ အပြင်က စည်းရိုးမြင့်မြင့်ကာရံထားပြီး အထဲမှာတော့ နိုင်ငံခြားအလုပ်သမား ၉ ယောက် ကုန်ပစ္စည်းတွေကို ရွေးချယ်ထုတ်ပိုးနေတာတွေ့ရတယ်လို့ဆိုပါတယ်။
သူတို့ထဲမှာ မြန်မာလုပ်သား အမျိုးသား ၄ ယောက် အမျိုးသမီး ၄ ယောက်နဲ့ တရုတ် ၁ ယောက် ပါဝင်ပြီး အဲဒီကနေ ခေါင်းလျှော်ရည်၊ သွားတိုက်ဆေး၊ ရေချိုးခရင်မ်၊ အသားလှခရင်မ်၊ ရေမွှေးစသဖြင့် ဘူးအရေအတွက်ပေါင်း ၁၅,၀၀၀ ကျော် တွေ့ရှိခဲ့ပါတယ်။
ဒါ့အပြင် ပစ္စည်းရဲ့ ဘူးခွံတွေမှာ ကပ်ဖို့ တံဆိပ်အမျိုးမျိုးပါ စတစ်ကာပေါင်း ၁,၀၀၀ ကျော်၊ ဂျပ်ဖာပုံးပေါင်း ၂၁ ပုံး နဲ့ ပို့ဆောင်ပြီး ပြန်ရောက်လာတဲ့ ပစ္စည်းရာနဲ့ချီ သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
အဆိုပါဂိုဒေါင်မှာ အပြင်က ပုလင်းလွတ်၊ ဘူးလွတ်တွေယူလာပြီး တံဆိပ်တု စတစ်ကာကပ်ကာ ပစ္စည်းတုတွေ ထုတ်လုပ်ဖြန့်ဖြူးနေတာဖြစ်တယ်၊ အဲဒီထဲမှာ ဆီရီရတ်ဆေးရုံက ထုတ်လုပ်တဲ့ နာမည်ကျော် ခေါင်းလျှော်ရည် တံဆိပ်အတုတွေပါတွေ့ရှိတယ်၊ အတည်ပြုနိုင်ဖို့ ဆေးရုံတာဝန်ရှိသူတွေနဲ့ ဆက်သွယ်စစ်ဆေးနေတယ်၊ ဂိုဒေါင်နဲ့ ပစ္စည်းပိုင်ရှင်မှာ တရုတ်နိုင်ငံသားတယောက် ဖြစ်ပြီး လက်ရှိနိုင်ငံရဲ့ ပြင်ပကိုထွက်သွားပြီလို့ စုံစမ်းသိရှိရကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
တာဝန်ရှိသူတွေက အဆိုပါ ပိုင်ရှင်တရုတ်နိုင်ငံသားကို ဖမ်းဝရမ်းထုတ်ဖို့ ဆောင်ရွက်နေပြီး ဂိုဒေါင်မှ ဖမ်းဆီးရ မိသူတွေကိုလည်း ထုတ်ကုန်ပစ္စည်းအမှတ်တံဆိပ်ဆိုင်ရာဥပဒေတွေနဲ့ အရေးယူဖို့ ဘန်ဘွမ်နယ်မြေရဲစခန်းကို ပို့ဆောင်ထားပါတယ်။
ပြစ်မှုထင်ရှားပါက မူပိုင်အမှတ်တံဆိပ်ဆိုင်ရာ ပုဒ်မ ၁၀၈ အရ ထောင်ဒဏ် ၄ နှစ် ဒါမှမဟုတ် ငွေဒဏ် ဘတ် ၄၀၀,၀၀၀ ထိ ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ ၂ ရပ်လုံး ကျခံရမယ်လို့ ဘန်ဘွမ်ရဲစခန်း တာဝန်ရှိသူက ပြောပါတယ်။
Source: THAI PRESS / Dailynews











