မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ အများဆုံးနိုင်ငံအဖြစ် မြန်မာ ၃ နှစ်ဆက်တိုက် ရပ်တည်

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် ထိခိုက် သေဆုံးသူ အများဆုံးနိုင်ငံအဖြစ် ၃ နှစ်ဆက်တိုက် ရပ်တည်နေတယ်လို့ မြေမြှုပ်မိုင်း စောင့်ကြည့်အဖွဲ့ (ICBL)က နို၀င်ဘာ ၂၄ ရက် ထုတ်ပြန်တဲ့ ၂၀၂၆ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
၂၀၂၅ အတွင်း မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်ပေါက်ကွဲပစ္စည်းတွေကြောင့် သေဆုံး၊ ဒဏ်ရာ ရသူ စုစုပေါင်း ၁,၈၉၁ ယောက် ရှိခဲ့လို့ ကမ္ဘာပေါ်မှာ အများဆုံး ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
၂၀၂၃ ခုနှစ်က မြန်မာနိုင်ငံမှာ ထိခိုက်သေဆုံးသူ ၁,၀၀၃ ယောက်၊ ၂၀၂၄ ခုနှစ်မှာ ၂,၀၂၉ ယောက်နဲ့ ကမ္ဘာ့အများဆုံးနိုင်ငံအဖြစ် ရပ်တည်ခဲ့ပြီး ၂၀၂၅ ခုနှစ်မှာတော့ အဲဒီထပ်တူ အခြေအနေအတိုင်း ဖြစ်နေတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အစီရင်ခံစာပြုစုသူ ယက်ရှူအာမိုဇာ-ပွမ်ဆူဝန်က မြန်မာနိုင်ငံရဲ့ မြေမြှုပ်မိုင်းအန္တရာယ်ဟာ အကျပ်အတည်းအဆင့်ကနေ ကပ်ဘေးအဆင့်အထိ ရောက်ရှိနေပြီးလို့ သတိပေးလိုက်ပါတယ်။
မြန်မာနိုင်ငံထဲ တနေ့ကို ပျမ်းမျှ လူ ၅ ယောက်လောက် မြေမြှုပ်မိုင်းနဲ့ စစ်ကျန်ပေါက်ကွဲ ပစ္စည်းတွေကြောင့် သေဆုံး၊ ဒဏ်ရာရနေပြီး တနိုင်ငံလုံးမှာတော့ မြို့နယ် ၃ ပုံ ၂ ပုံ နီးပါး မိုင်းအန္တရာယ်ရှိနေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
စစ်အာဏာရှင်တပ်ဖွဲ့တွေသာမက သူတို့ကို တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေက မြေမြှုပ်မိုင်းတွေ အသုံးပြုနေကြတာဖြစ်ပြီး စစ်ပွဲတွေကြောင့် မိုင်းအန္တရာယ်ရှိတဲ့ နယ်မြေတွေ လည်း ပိုမို ကျယ်ပြန့်လာ နေတယ်လို့ ထုတ်ပြန်ချက်မှာ ထောက်ပြပါတယ်။
ကမ္ဘာတဝန်းမှာတော့ ၂၀၂၅ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ စစ်ကျန်ပေါက်ကွဲပစ္စည်းတွေကြောင့် သေဆုံး၊ ဒဏ်ရာရသူ အနည်းဆုံး ၆,၉၂၉ ယောက် ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်ထက် ၁၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့တာပါ။
ဒါဟာ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ၅ နှစ်အတွင်း အမြင့်ဆုံးပမာဏ ဖြစ်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ထိခိုက်သေဆုံးသူတွေထဲမှာ အရပ်သားတွေက အများစုဖြစ်ပြီး တဝက်လောက်ဟာ ကလေးငယ်တွေ ဖြစ်ပါတယ်။
မြန်မာနိုင်ငံနောက် အရှေ့အလယ်ပိုင်းဒေသက ဆီးရီးယားနိုင်ငံမှာ ထိခိုက်သေဆုံးသူ ၁,၆၀၂ ယောက်နဲ့ ဒုတိယအများဆုံး ဖြစ်နေပါတယ်။
မြေမြှုပ်မိုင်းတွေဟာ အရပ်သားတွေရဲ့ အသက်အန္တရာယ်ကို ဆက်လက်ခြိမ်းခြောက်နေသလို စိုက်ပျိုးမြေတွေ အသုံးပြုနိုင်မှု၊ လူသားချင်းစာနာမှုအကူအညီတွေ ပို့ဆောင်နိုင်မှုနဲ့ စစ်ဘေးရှောင်ပြည်သူတွေ နေရပ်ပြန်နိုင်ရေးအပေါ် အဟန့်အတား ဖြစ်စေတယ်လို့ အစီရင်ခံစာက သတိပေးထားပါတယ်။
မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေတတ်သော ဗုံးသီးများ စောင့်ကြည့်လေ့လာရေးအဖွဲ့ဟာ ကမ္ဘာတဝန်းရှိ မြေမြှုပ်မိုင်းများနဲ့ ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်တွေအသုံးပြုမှု၊ ထုတ်လုပ်မှု နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထိခိုက်နစ်နာမှုတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ နိုင်ငံတကာ သုတေသနနဲ့ စောင့်ကြည့်လေ့လာရေး အစီအစဉ်တခု ဖြစ်ပါတယ်။











