DVB Logo
Home
မြန်မာသတင်း
မင်းအောင်လှိုင် တက်ခွင့်မရသည့် အာဆီယံထိပ်သီးအစည်းအဝေး၌ မြန်မာ၊ တောင်တရုတ်ပင်လယ်နှင့် မြူခိုး အရေးကိစ္စများ ဆွေးနွေး
DVB
·
November 16, 2026
Photo: Reuters
Photo: Reuters
Donate to DVB

စစ်အာဏာရှင် မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပြုတဲ့ ၄၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာ ၁၅ ရက်က ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ကျင်းပခဲ့ပြီး မြန်မာ့အရေး၊ တောင်တရုတ်ပင်လယ်အရေးနဲ့ နယ်စပ်ဖြတ်ကျော် တောမီးခိုးမြူကိစ္စတွေက အဓိက ဆွေးနွေးစရာတွေ ဖြစ်ခဲ့ပါတယ်။

ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ ဦးဆောင်တဲ့ ဒီအစည်းအဝေးမှာ မြန်မာနိုင်ငံကိုတော့ စစ်အာဏာရှင်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာ ညွှန်ကြားရေးမှူးချုပ် ဟန်ဝင်းအောင်က နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့အဆင့်နဲ့ တက်ရောက်ခဲ့ပါတယ်။

အာဆီယံခေါင်းဆောင်တွေက မြန်မာနိုင်ငံကို အာဆီယံ ထိပ်သီးအစည်းအဝေးတွေနဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွေမှာ နိုင်ငံရေးအရ အပြည့်အဝကိုယ်စားပြုခွင့် ဆက်လက်ကန့်သတ်ဖို့ သဘောတူခဲ့ကြပါတယ်။

မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်မှုမှာ တိုးတက်မှု မလုံလောက်သေးဘဲ လူသားချင်းစာနာမှု အကူအညီပေးရေးမှာသာ တိုးတက်မှု အနည်းငယ် ရှိတယ်လို့ အာဆီယံက အကဲဖြတ်ထားပါတယ်။

ဒါပေမဲ့ ဒီသဘောတူညီချက်တွေကို အကောင်အထည်ဖော်ရာမှာ ခိုင်မာပြီး စဉ်ဆက်မပြတ် တိုးတက်မှုတွေ ရှိလာရင်တော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကိုယ်စားပြုခွင့်ကို အဆင့်လိုက် ပြန်လည်ခွင့်ပြုဖို့ စဉ်းစားနိုင်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်မှာ ချမှတ်ခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်မှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရေး၊ သက်ဆိုင်သူအားလုံး တွေ့ဆုံဆွေးနွေးရေးနဲ့ အာဆီယံ အထူးကိုယ်စားလှယ်က ကြားဝင်စေ့စပ်ရေးတို့ ပါဝင်ပါတယ်။

ကျန် ၂ ချက်ကတော့ အာဆီယံရဲ့ AHA စင်တာကတဆင့် လူသားချင်းစာနာမှု အကူအညီတွေ ပေးပို့ရေးနဲ့ အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံကို သွားရောက်ပြီး သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံရေး ဖြစ်ပါတယ်။

အာဆီယံဥက္ကဋ္ဌနဲ့ ညှိနှိုင်းပြီး အဖွဲ့ဝင်နိုင်ငံ တနိုင်ငံချင်းစီကလည်း မြန်မာ့အရေး သက်ဆိုင်သူအားလုံးနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ အားပေးထားသလို အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။

မားကို့စ်ကတော့ “မြန်မာ့အကျပ်အတည်းဟာ ပြည်သူတွေရဲ့အရေး ဖြစ်ပါတယ်” လို့ ပြောခဲ့ပြီး နေရပ်စွန့်ခွာရသူတွေနဲ့ အကူအညီလိုအပ်နေတဲ့ ပြည်သူတွေအတွက် ပိုမိုဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံက ၂၀၂၉ ခုနှစ် အာဆီယံဥက္ကဋ္ဌတာဝန်ယူဖို့ စိတ်ဝင်စားကြောင်း ဖော်ပြခဲ့ပေမဲ့ အာဆီယံကတော့ အလှည့်ကျအစီအစဉ်အတိုင်း တီမောလက်စတေနိုင်ငံကို အတည်ပြုခဲ့ပါတယ်။

တောင်တရုတ်ပင်လယ် ကျင့်ဝတ်စည်းမျဉ်းကိုလည်း အာဆီယံနဲ့ တရုတ်တို့ အပြီးသတ် သဘောတူညီမှု မရခဲ့သလို အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုကလည်း နယ်စပ်ဖြတ်ကျော် တောမီးခိုးမြူကိစ္စနဲ့ပတ်သက်ပြီး စင်ကာပူနဲ့ မလေးရှားကို တောင်းပန်ခဲ့ပါတယ်။

ဒါ့အပြင် ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်တင်းမာမှုတွေကိုလည်း ဆွေးနွေးခဲ့ကြပြီး ၂ နိုင်ငံအကြား အခြေအနေ ပိုမိုဆိုးရွားမလာအောင် ထိန်းသိမ်းဖို့ စင်ကာပူဝန်ကြီးချုပ် လောရင့်ဝေါင်က တိုက်တွန်းခဲ့ပါတယ်။

ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက်လည်း အာဆီယံနိုင်ငံတွေက နိုဝင်ဘာ ၁၄ ရက်မှာ ဒစ်ဂျစ်တယ်စီးပွားရေး မူဘောင်သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး စွမ်းအင်လုံခြုံရေးနဲ့ အွန်လိုင်းကနေ ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု တားဆီးရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

နိုဝင်ဘာ ၁၆ ရက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးမှာတော့ တရုတ်ဝန်ကြီးချုပ် လီချန် တက်ရောက်ခဲ့ပြီး AI နဲ့ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ လောရင့်ဝေါင်က တိုက်တွန်းခဲ့ပါတယ်။

နိုဝင်ဘာ ၁၇ ရက်မှာလည်း Asean+3၊ အရှေ့အာရှထိပ်သီးနဲ့ အာဆီယံ-အမေရိကန် အထူးထိပ်သီးအစည်းအဝေးတွေ ကျင်းပဖို့ရှိပြီး ၂၀၂၇ ခုနှစ် အာဆီယံဥက္ကဋ္ဌတာဝန်ကို ဖိလစ်ပိုင်က စင်ကာပူထံ လွှဲပြောင်းပေးမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013