ထိုင်းနိုင်ငံ၏အကြီးဆုံး ယီပိန်မီးပုံးပျံပွဲ ကျင်းပ
ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ယီပိန်မီးပုံးပျံပွဲကို ချင်းမိုင်မြို့မှာ နိုဝင်ဘာ ၂၄ ရက်က ပြုလုပ်ခဲ့ပြီး မီးပုံးပျံပေါင်း ၅,၆၀၀ လွှတ်တင်ခဲ့ပါတယ်။
လပြည့်နေ့မှာ ကျင်းပတဲ့ ဒီပွဲကို ကမ္ဘာတဝန်းက ခရီးသွားတွေနဲ့ ဒေသခံ ထောင်ပေါင်းများစွာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
ယီပိန် မီးပုံးပျံလွှတ်ပွဲကို နှစ်စဉ် နိုဝင်ဘာလမှာ ကျင်းပလေ့ရှိပြီး ချင်းမိုင် ယဉ်ကျေးမှုနဲ့ ဒီဇိုင်းအဖွဲ့ CAD က ပြုလုပ်တာဖြစ်ပါတယ်။
ချင်းမိုင်မှာပြုလုပ်တဲ့ ဒီရိုးရာပွဲဟာ ထိုင်းနိုင်ငံမှာ အကြီးဆုံး မီးပုံးပျံလွှတ်တင်ခွင့် လိုင်စင်ရထားတာဖြစ်ကာ တညကို မီးပုံး ၁၀,၀၀၀ ကျော် လွှတ်တင်လေ့ရှိပါတယ်။
ထိုင်းနိုင်ငံသားတယောက်က “ထောင်နဲ့ချီတဲ့ မီးပုံးတွေ တပြိုင်တည်း ကောင်းကင်ပေါ်လွှတ်တင်တာက အရမ်းလှတဲ့ မြင်ကွင်းပါ။ ဒီမြင်ကွင်းက အရမ်းလှပြီး စကားနဲ့တောင် မဖော်ပြတတ်ပါဘူး။ ဒါဟာ ဘဝမှာ တခါ မြင်တွေ့ရခဲတဲ့ မြင်ကွင်းတခု ဖြစ်တာကြောင့် လာရောက်ကြည့်ရှုသင့်ပါတယ်” လို့ ပြောပါတယ်။
လပြည့်နေ့မှာ လွှတ်တင်တဲ့ မီးပုံးတွေဟာ သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ မီးပုံးတွေကို အသုံးပြုတာ ဖြစ်ပါတယ်။
ယီပိန် မီးပုံးပျံပွဲကို နိုဝင်ဘာ ၂၃ ရက်ကနေ ၂၅ ရက်အထိ ၃ ရက်တာ ကျင်းပတာဖြစ်ပြီး မီးပုံးပျံလွှတ်တင်မှုတွေကိုတော့ ၂၄ ရက်နေ့နဲ့ ၂၅ ရက်နေ့တွေမှာ ပြုလုပ်ခဲ့ပါတယ်။
လပြည့်နေ့ မီးပုံးပျံပွဲမှာ လေယာဉ်ပျံသန်းမှုတွေနဲ့ လွတ်ကင်းအောင် ချင်းမိုင် နိုင်ငံတကာလေဆိပ်က နိုဝင်ဘာ ၂၃ ရက်နဲ့ ၂၅ ရက်နေ့တို့မှာ လေကြောင်းလိုင်း ၅၂ ခုကို ရပ်ဆိုင်းခဲ့ပြီး ခရီးစဉ် ၁၃၇ ခုကို အချိန်ပြောင်းလဲထားကြောင်း ကြေညာထားပါတယ်။
Source: Reuters











