ချင်းမိုင်တွင် ရေခဲစက်ရုံက အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်မှုဖြစ်

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့မှာ ရေခဲစက်ရုံက အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီး ဖြစ်ပွားရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ Khaosod ထိုင်း သတင်းမှာ နိုဝင်ဘာ ၂၂ ရက်က ဖော်ပြပါတယ်။
ချင်းမိုင်ခရိုင်၊ ဟန်ဒုံးမြို့နယ်၊ ခွန်ခေါင်ရပ်ကွက်မှာရှိတဲ့ PT စက်သုံးဆီဆိုင်ဘေးက V.T. ရေခဲစက်ရုံမှာ အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး လူတွေ အသက်အန္တရာယ်ဖြစ်ခဲ့တာတော့ မရှိပါဘူး။
လက်ရှိမှာတော့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက ယိုစိမ့်နေတဲ့ အဆို့ရှင်ကို အောင်မြင်စွာ ပိတ်လိုက်နိုင်ပြီးနောက် အခြေအနေကို ထိန်းချုပ်နိုင်ခဲ့ပြီလို့ ချင်းမိုင်ခရိုင် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနဲ့ လျော့ပါးရေးရုံးအကြီးအကဲ ဝပ်တနာ ဆာခွန်က ပြောပါတယ်။
တာဝန်ရှိသူတွေအနေနဲ့ လေဝင်လေထွက် ကောင်းမွန်အောင် လုပ်ဆောင်တာတွေ ဆက်လုပ်နေပြီး အခင်းဖြစ်ပွားရာနေရာက လေထုအရည်အသွေးကို စစ်ဆေးဖို့ ပြင်ဆင်နေကြပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေဟာ လက်ရှိမှာ ကျန်ရှိနေသေးတဲ့ ဓာတ်ငွေ့တွေ လွင့်စင်ပျောက်ကွယ်သွားစေဖို့အတွက် လေမှုတ်ပန်ကာ တပ်ဆင်ထားတဲ့ ရေသယ်ယာဉ်ကို အသုံးပြုပြီး အခင်းဖြစ်ပွားရာနေရာကို လေဝင်လေထွက်ကောင်းအောင် လုပ်ဆောင်နေပါတယ်။
ခရိုင် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးရုံးအနေနဲ့ လေထုထဲက ဓာတုပစ္စည်း ပါဝင်မှုနှုန်းနဲ့ အောက်ဆီဂျင် ပမာဏတွေကို တိုင်းတာဖို့အတွက် ချင်းမိုင်မှာရှိတဲ့ သက်ဆိုင်ရာ ဒေသတွင်း ဘေးအန္တရာယ်ကင်းရှင်းရေး အေဂျင်စီနဲ့လည်း ညှိနှိုင်းဆောင်ရွက်ထားပါတယ်။
ချင်းမိုင်ခရိုင် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနဲ့ လျော့ပါးရေးရုံး၊ ချင်းမိုင်မြို့တော် စည်ပင်သာယာရေးအဖွဲ့၊ အာဏာပိုင်တွေ၊ ဒေသခံ စည်ပင်သာယာရေးအဖွဲ့တွေ၊ ရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးဖောင်ဒေးရှင်းတွေ အပါအဝင် အရေးပေါ်တုံ့ပြန်ရေး အေဂျင်စီပေါင်းစုံကို စေလွှတ်ခဲ့ပါတယ်။
ချင်းမိုင်မြို့တော် စည်ပင်သာယာရေးအဖွဲ့က ဝန်ထမ်း ၁၄ ယောက်၊ ကယ်ဆယ်ရေးယာဉ် တစီး၊ ကိုယ်ပိုင်အသက်ရှူကိရိယာ (SCBA) အစုံ ၁၀ စုံနဲ့ လေဝင်လေထွက်ပန်ကာ တပ်ဆင်ထားတဲ့ ရေသယ်ယာဉ် တစီးတို့ကို စေလွှတ်ပေးခဲ့ပါတယ်။
အနီးအနားက စည်ပင်သာယာရေးအဖွဲ့တွေနဲ့ စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးအဖွဲ့အစည်းတွေ ကလည်း မီးသတ်ကားတွေ၊ ကယ်ဆယ်ရေးယာဉ်တွေ၊ လူနာတင်ယာဉ်တွေနဲ့ အပိုအသက်ရှူကိရိယာတွေကို ပံ့ပိုးပေးခဲ့ကြပါတယ်။
လတ်တလော ဓာတ်ငွေ့ယိုစိမ့်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပေမဲ့ စက်ရုံနဲ့ အနီးတဝိုက်က အခြေအနေတွေကို အကဲဖြတ်ဖို့အတွက် လေဝင်လေထွက်ကောင်းအောင် လုပ်ဆောင်တာနဲ့ လေထုအရည်အသွေး စောင့်ကြည့်စစ်ဆေးတာတွေကိုတော့ ဆက်လက်လုပ်ဆောင်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
သက်ဆိုင်ရာ အေဂျင်စီတွေအနေနဲ့ အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပါတယ်။ အခင်းဖြစ်ပွားရာနေရာကို ပုံမှန်လုပ်ငန်းတွေ ပြန်လည်လည်ပတ်ဖို့ ဘေးကင်းစိတ်ချရပြီလို့ ဘယ်အချိန်မှာ ကြေညာပေးမလဲ ဆိုတာကိုတော့ အာဏာပိုင်တွေဘက်က မထုတ်ပြန်သေးပါဘူး။
Source: Khaosod











