
သူ့ကို ရွာမှာ ကြောင်လေးလို့ ခေါ်ကြတယ်။ ဘယ်အချိန်က ဘယ်လိုအကြောင်းကြောင့် ခေါ်ကြတာလဲ ဆိုတာတော့ ကျနော် သေသေချာချာ မသိလိုက်ဘူး။ သူ့နာမည်အရင်းက အောင်မျိုးအေး။
ရွာမှာတော့ နာမည်အရင်းထက် ကြောင်လေးလို့ပဲ ခေါ်ကြတာ ပိုများတယ်။ မြို့ပေါ်ရောက်၊ တိုင်းပြည်ခြား ရောက်သွားချိန်အထိ အဲဒီနာမည်ပြောင်လေးကပဲ သူ့နောက်ကို အရိပ်တခုလို လိုက်ပါနေခဲ့တယ်။
ကြောင်လေးတယောက် ထိုင်းနိုင်ငံကို ရောက်နေတာ တော်တော်လေးကို ကြာခဲ့ပါပြီ။ အစပိုင်းတုန်းကတော့ ထိုင်းနိုင်ငံရဲ့ မြို့ပေါင်းစုံ၊ နေရာတော်တော်များများမှာ အလုပ်မျိုးစုံ လုပ်ဖူးခဲ့သူပါ။ ဘန်ကောက်က စက်ရုံတွေမှာ လုပ်လိုက်၊ တောင်ပိုင်းက ရာဘာခြံတွေမှာ သွားလုပ်လိုက်ပေါ့။
အလုပ်ပြုတ်ရင် ဆောက်လုပ်ရေးဆိုက်တွေမှာ သွားလုပ်လိုက်နဲ့ ရောက်ဖူးခဲ့တဲ့ မြို့တွေလည်း မနည်းတော့ပါဘူး။ အခုနောက်ပိုင်းမှာတော့ ထိုင်းနဲ့ မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ ထိုင်းဘက်အခြမ်းမှာ အလုပ်လုပ်ရင်း အခြေချနေတာ ဖြစ်ပါတယ်။
သူနဲ့ မဆုံဖြစ်၊ မတွေ့ဖြစ်ကြတာ တော်တော်လေးကို ကြာခဲ့ပြီလို့ ပြောရမှာပါ။ ကျနော် နယ်စပ်မြို့ကို မရောက်ခင်ကတည်းက ကြောင်လေးတယောက် ဒီနယ်စပ်မြို့မှာ ရောက်ရှိလုပ်ကိုင်နေတယ် ဆိုတဲ့အကြောင်း တယောက်ယောက်က စကားစပ်မိရင်း ပြောပြလိုက်တာကို မှတ်မိနေတာ။ ဘယ်သူပြောလိုက်လဲဆိုတာတော့ ကျနော့်ခေါင်းထဲမှာ သေသေချာချာ မမှတ်မိတော့ပါဘူး။
ဒီနယ်စပ်မြို့ကို ကျနော် ရောက်ရောက်ချင်း အရင်ဆုံး သတိထားမိတဲ့ အချက်ကတော့ လမ်းမတွေပေါ်မှာ ခွေးတွေ တော်တော်လေး ပေါများနေတာပဲ ဖြစ်ပါတယ်။ ရောက်ရောက်ချင်း တည်းခိုတဲ့နေရာမှာ အထုပ်အပိုးတွေ ချပြီးတာနဲ့ ညဘက် စားဖို့သောက်ဖို့ ၊ တခုခုဝယ်ဖို့အတွက် အပြင်ထွက်ချိန်မှာ ခွေးတွေကို စပြီးသတိထားမိတယ်။
အနီးအနားက 7-Eleven စတိုးဆိုင်ဆီ ထွက်လာခဲ့ချိန်မှာ လမ်းထောင့်တွေ၊ စတိုးဆိုင်အရှေ့တွေမှာ စုဖွဲ့ဝဲလည်နေကြတဲ့ ခွေးအုပ်ကြီးကို မနည်းရှောင်ကွင်း တိမ်းရှောင်ပြီး သွားခဲ့ရတာကို သတိပြုမိခဲ့တာ။ မြန်မာပြည်က ရွာတွေ၊ မြို့တွေထက်တောင်မှ ဒီမြို့က ခွေးတွေက ရဲတင်းကြပြီး လမ်းသွားလမ်းလာတွေကို စူးစူးစိုက်စိုက် စိုက်ကြည့်တတ်ကြပါတယ်။
ဒီနိုင်ငံမှာ ခွေးတွေနဲ့ ပတ်သက်လို့ သတိထားမိခဲ့တဲ့ အတွေ့အကြုံလေးတခုလည်း ကျနော့်မှာ အရင်ကတည်းက ရှိပါသေးတယ်။ ချင်းမိုင်မြို့ကနေ ခပ်လှမ်းလှမ်းမှာရှိတဲ့ ရွာတရွာဆီ ရောက်သွားခဲ့ဖူးစဉ်က လမ်းဘေးတွေမှာ ခွေးတွေ တော်တော်လေးများများ တွေ့ခဲ့ရတာပါ။
အဲဒီတုန်းက အဲဒီနေရာကိုအတူသွားကြတဲ့၊ အခုတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ မိတ်ဆွေတယောက်က ပြောပြဖူးတယ်။ အဲဒီလမ်းဘေး ခွေးတွေကို Payap တက္ကသိုလ်မှာ စာသင်နေတဲ့ အနောက်နိုင်ငံသား ဆရာတယောက်က ဗုဒ္ဓဟူးနေ့တိုင်း အစားအစာတွေ ကားနဲ့တင်ပြီး လာကျွေးလေ့ရှိတယ်လို့ ပြောပြတာပါ။
အဲဒီနေရာကို အတူသွားခဲ့ကြပြီး နောက်သုံးရက်လောက်မှာပဲ အဲဒီမိတ်ဆွေဟာ ဆိုင်ကယ် မတော်တဆဖြစ်ပြီး ဆုံးပါးသွားခဲ့ရတာမို့ ခွေးတွေကို မြင်တိုင်း ဒီဖြစ်ရပ်နဲ့အတူ ဝမ်းနည်းစရာ အမှတ်တရတွေက ရောထွေးပြီး သတိရမိနေတတ်တာ ဖြစ်ပါတယ်။
နယ်စပ်မြို့ကို ရောက်ပြီး အတော်လေးကြာမှ ကြောင်လေးဆီကနေ ဖုန်းဝင်လာခဲ့ပါတယ်။ ဘာတွေလုပ်နေလဲ၊ ဘယ်မှာတည်းလဲဆိုတာကို စကားစရင်း ဖုန်းဆက်လာတာပါ။ ကျနော်လည်း အခု နယ်စပ်မြို့ကို ရောက်နေတဲ့အကြောင်း၊ ဒီမြို့မှာပဲ ခေတ္တခဏ နေထိုင်သွားမယ့်အကြောင်း ပြောပြတော့ ကြောင်လေးက သိပ်ပြီး အံ့ဩဟန် မပြပါဘူး။
ဒီနယ်စပ်မြို့ဆီ မြန်မာပြည်အနှံ့က အကြောင်းမျိုးစုံနဲ့ ရောက်လာကြတာ ဖြစ်ရိုးဖြစ်စဉ်တခုလို ဖြစ်နေလို့လည်း ပါပါလိမ့်မယ်။
"အေးပါကွာ။ တရက်တော့ ဆုံကြတာပေါ့" လို့ပဲ ကျနော်တို့နှစ်ယောက် စကားပြောရင်း စကားစဖြတ်ခဲ့ကြတယ်။
ကြောင်လေးနဲ့ ပြန်ဆုံဖြစ်တဲ့နေ့ကတော့ မြို့ထဲက မြန်မာတွေ ခပ်များများ ထိုင်လေ့ရှိတဲ့ လက်ဖက်ရည်ဆိုင်လေးမှာပါ။ တယောက်နဲ့တယောက် ဝမ်းသာအားရ နှုတ်ဆက်ကြရင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြောနေကြရင်းနဲ့မှ ကြောင်လေးက မကြာသေးခင်ကမှ ဒဏ်ရာရထားတဲ့ သူ့ရဲ့ လက်မောင်းကို ထုတ်ပြလာပါတယ်။
"ဒါ ငါ့သူဌေးအိမ်က ခွေးကိုက်တာကွာ။ အဲဒီခွေးက ကိုက်လိုက်ရင် မလွှတ်တော့ဘူး။ ဆေးရုံမှာ ၂၄ ချက်တောင် ချုပ်လိုက်ရတာ။ နှစ်ထပ်ချုပ်ရတာ၊ အထဲကအသားကိုတထပ်၊ အပေါ်က အသားကိုတထပ် ချုပ်ရတာ။ အကိုက်ခံရတုန်းက နာလိုက်၊ အောင့်လိုက်တာ။ ဆေးရုံကျမှ ဆေးထိုး၊ အနာချုပ်တော့လည်း ခံရတာ နာနေတာပဲ။ သူဌေးကတော့ ဆေးဖိုးဝါးခ အကုန်လုံး စိုက်ပေးတယ်။"
ကြောင်လေးတယောက် သူ့ရဲ့ အနာဖေးတက်စ လက်မောင်းကို ပြသရင်း သူ ခွေးကိုက်ခံရတုန်းက ကြောက်လန့်ခဲ့ရပုံတွေ၊ ဆေးရုံရောက်တော့ အနာကို ဆေးကြော ချုပ်နှောင်ခဲ့ရတဲ့အကြောင်းတွေကို ပြောပြနေရင်း သူ့ရဲ့ ရင်ထဲက နာကျင်မှုကို မူရင်းအတိုင်း ပြန်လည်ခံစားနေရတဲ့ ပုံစံမျိုးနဲ့ အသံတုန်တုန်နဲ့ ပြောပြနေခဲ့တာပါ။
သူဌေးအိမ်မှာ အလုပ်လုပ်ရင်း မထင်မှတ်ဘဲ ခြံထဲက အကောင်ကြီးကြီး ခွေးရဲ့ ရုတ်တရက် တိုက်ခိုက်ခြင်းကို ခံလိုက်ရတာလို့ ဆိုပါတယ်။ ခွေးက သူ့လက်မောင်းကို ကိုက်ဆွဲထားပြီး မလွှတ်ဘဲ ကိုက်ခဲထားချိန်မှာ သူဌေးဖြစ်သူ ထွက်လာပြီး ဆွဲမှ လွတ်သွားခဲ့တာပါ။ အဲဒီနောက်မှာမှ ဒဏ်ရာကြီးနဲ့ ဆေးရုံဆီ အရေးပေါ် သွားခဲ့ရတာ ဖြစ်ပါတယ်။
စကားဝိုင်းထဲမှာ ခွေးအကြောင်း ရောက်သွားတော့ ထိုင်းနိုင်ငံရဲ့ ခွေးတွေနဲ့ ပတ်သက်တဲ့ ယဉ်ကျေးမှုအကြောင်းကိုလည်း စကားစပ်မိသွားကြပါတယ်။
ထိုင်းလူမျိုးတွေဟာ သူတို့မွေးထားတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေအပေါ် ရင်နှစ်သည်းချာလို သဘောထားကြတာပါ။ အထူးသဖြင့် ခွေးလေးတွေအပေါ်မှာဆိုရင်လည်း သည်းသည်းလှုပ် အသည်းစွဲ ချစ်ကြပါတယ်။ ထိုင်းတွေဟာ အိမ်မှာတင် မွေးမြူစောင့်ရှောက်ရုံတင် မဟုတ်ဘဲ၊ နိုင်ငံတော်အဆင့် ဥပဒေတွေမှာပါ ခွေးတွေကို အကာအကွယ်ပေးထားတာတွေ ရှိပါတယ်။
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၇ ရက်က ထိုင်းနိုင်ငံရဲ့ “ခွေးနေမှုအဆင့်အတန်း” အကြောင်းကို သတင်းဌာနတခုက အကျယ်တဝင့် တင်ဆက်ပေးပါတယ်။ ထိုင်းသက္ကရာဇ် BE 2557 (2014) ခုနှစ်မှာ ထိုင်းနိုင်ငံရဲ့ ပထမဆုံး တိရစ္ဆာန်စောင့်ရှောက်ရေးဥပဒေဖြစ်တဲ့ “တိရစ္ဆာန်ညှဉ်းပန်းနှိပ်စက်မှု တားမြစ်ရေးနှင့် စောင့်ရှောက်ရေး အက်ဥပဒေ” ကို ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။
အဲဒီဥပဒေအရ အိမ်မွေးပိုင်ရှင်တွေဟာ ခွေးတွေကို သင့်လျော်ကောင်းမွန်တဲ့ အခြေအနေမှာ ထားရှိဖို့ တာဝန်ရှိတယ်လို့ တင်းကျပ်စွာ သတ်မှတ်ထားပါတယ်။ ဒါ့ပြင် ခွေးတွေကို ညှဉ်းပန်းနှိပ်စက်ခြင်းနဲ့ လမ်းဘေးမှာ စွန့်ပစ်ခြင်းတို့ဟာ ကြီးမားတဲ့ ပြစ်မှုမြောက်တာ ဖြစ်ပါတယ်။
တချို့ အန္တရာယ်ရှိတဲ့ ခွေးမျိုးစိတ်တွေကိုလည်း မွေးမြူခွင့် ပိတ်ပင်ထားပါတယ်။ ဒါ့အပြင် အရင်တုန်းက ဘုရင်ရဲ့ အချစ်ဆုံးခွေးကို စော်ကားပါက ပြစ်ဒဏ်ခတ်သည့် “ဓလေ့ထုံးတမ်းဥပဒေ” (Lèse-majesté Law) မျိုးပင် ရှိခဲ့ဖူးတာပါ။
ဒီ၂၀၂၆ ခုနှစ်မှာဆိုရင်လည်း ဘန်ကောက်မြို့တော်ကနေ အိမ်မွေးသတ္တဝါတွေနဲ့ ပတ်သက်တဲ့ ဥပဒေတခုကို ပိုမိုတင်းကျပ်စွာ သုံးစွဲသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ အဲဒီဥပဒေအရ မွေးထားတဲ့ တိရစ္ဆာန်တွေကို မှတ်ပုံတင်တာ၊ မိုက်ခရိုချစ်ပ် တပ်ဆင်တာ၊ ပုံမှန် ကာကွယ်ဆေး ထိုးပေးရတာတွေအပြင် တခြား ခွေးအခွင့်အရေးတွေကိုလည်း ပိုင်ရှင်တွေက မဖြစ်မနေ လုပ်ပေးရတော့မှာ ဖြစ်ပါတယ်။
မွေးမြူရာမှာလည်း မိမိနေထိုင်တဲ့ ဧရိယာအပေါ် မူတည်ပြီး အိမ်မွေးကောင်ရေ ၁ ကောင်ကနေ ၆ ကောင်အထိပဲ မွေးခွင့်ရရှိတော့မှာ ဖြစ်ပါတယ်။ ဒီအခြေအနေဟာ ထိုင်းနိုင်ငံရဲ့ ခွေးနေမှုအဆင့်အတန်းပေါ် အများကြီး သက်ရောက်မှု ရှိလာတာ ဖြစ်ပါတယ်။
တဖက်မှာလည်း ထိုင်းနိုင်ငံအတွင်း စွန့်ပစ်ခွေးနဲ့ လမ်းဘေးခွေး ပြဿနာတွေဟာ ကြီးသည်ထက် ကြီးလာနေတဲ့အကြောင်း ထိုင်းလူထုကြားမှာ ပြောဆိုသံ ပိုမိုကျယ်လောင်လာပါတယ်။ လမ်းဘေးခွေးတွေ သားပေါက်နှုန်း မြင့်မားလာတာအပါအဝင် တခြား ပတ်ဝန်းကျင်ဆိုင်ရာ၊ လူမှုရေးဆိုင်ရာ သက်ရောက်မှုတွေ များပြားလာတယ်လို့ ထောက်ပြကြတာပါ။
ဒီကိစ္စကို ထိုင်းလူထုတင်မကဘဲ အကြောင်းအမျိုးမျိုးနဲ့ ထိုင်းကို ရောက်ရှိနေကြတဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သားတွေလည်း သတိထားမိကြတာကို တွေ့ရပါတယ်။
မြန်မာအများစုဟာ ရွှေ့ပြောင်းလာပြီးနောက်ပိုင်း တိုင်းပြည်မဲ့၊ အိမ်မရှိ စိမ်းသက်တဲ့ဝန်းကျင်မှာ ကိုယ့်ဘဝရဲ့ အစိတ်အပိုင်းတခုအဖြစ် တိရစ္ဆာန် မွေးမြူတာတွေကို ပြုလုပ်လာကြပါတယ်။ နယ်စပ်မြို့က မြန်မာတော်တော်များများဆိုရင် တိရစ္ဆာန်တွေကို ကောက်ယူမွေးစားတာ၊ ခွေးမွေးစားသူအဖြစ် လက်ခံတာတွေ ပြုလုပ်ကြတယ်လို့ မြို့ခံအချို့က ဆိုပါတယ်။
ကြောင်လေးတယောက် သူ့လက်က ခွေးကိုက်ခံရတဲ့ဒဏ်ရာက ဓားတုံးတုံးတလက်နဲ့ အုန်းလက်ကို ခုတ်ဖြတ်ထားတဲ့ ပုံမျိုး အမာရွတ်ကြီး ကျန်နေခဲ့တာပါ။ အသားမာတက်နေတဲ့ သူ့လက်မောင်းကို လက်ဖက်ရည်သောက်ရင်း ပြန်ပြန်ပွတ်သပ်နေပါတယ်။
ကြောင်လေးက သူ့လက်မောင်းကို ကြည့်ရင်း စကားတခွန်း ပြောလိုက်ပါသေးတယ်။
“အဲဒီခွေးကို ငါ့သူဌေးက ရောင်းလိုက်ပြီ။ ဘယ်သူ ဝယ်သွားလဲတော့ မသိဘူး” လို့ ကြောင်လေးက စိတ်အေးလက်အေး ပြောပြနေလေရဲ့။
ရွာကနေ ပါလာတဲ့ နာမည်ပြောင်လေးနဲ့ နယ်စပ်မြို့ရဲ့ လက်ဖက်ရည်ဆိုင်မှာ ပြန်ဆုံကြတုန်း၊ တိရစ္ဆာန်အခွင့်အရေးတွေ ထူထပ်လှတဲ့ နိုင်ငံမှာ တိုင်းပြည်မဲ့ ရွှေ့ပြောင်းအလုပ်သမားတယောက်ရဲ့ ခွေးကိုက်ခံရမှု ဒဏ်ရာဟာ ရယ်ရခက်၊ ငိုရခက် ခံစားချက်ကို ဖြစ်စေခဲ့ပါတယ်။
ဒီနိုင်ငံမှာ ခွေးတကောင်တောင်မှ ဥပဒေအကာအကွယ်ကောင်းကောင်းနဲ့ သက်တောင့်သက်သာ နေခွင့်ရနေတာကို မြင်ရတော့ ရင်ထဲမှာ တမျိုးကြီး ခံစားလိုက်ရတာ အမှန်ပါပဲ။
တကယ်တော့ ထိုင်းနိုင်ငံဟာ ဒုက္ခရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို နားခိုရာ ရိက္ခာဝမ်းစာအတွက် မှီခိုခွင့်ပေးထားတဲ့ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း သံယောဇဉ်မြို့တော်ကြီး ဖြစ်ပါတယ်။
ဒီလို နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ ကူညီဖေးမမှုတွေ ရှိနေပေမဲ့လည်း တဖက်မှာတော့ တရားဝင် စာရွက်စာတမ်း ကင်းမဲ့နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ အခြေခံ အကာအကွယ်မဲ့မှုနဲ့ ဘဝလုံခြုံရေး အားနည်းချက်တွေဟာ ယှဉ်တွဲရှိနေတုန်းပါပဲ။
ကြောင်လေးကို ကိုက်လိုက်တဲ့ ခွေးကတော့ သူဌေးရဲ့ ရောင်းထုတ်လိုက်မှုနဲ့အတူ ဥပဒေအရိပ်အောက်က နွေးထွေးတဲ့ အိမ်သစ်တလုံးဆီ ရောက်သွားနိုင်ပါတယ်။
၂၄ ချက်ချုပ်လိုက်ရတဲ့ အမာရွတ်ကြီး လက်မောင်းမှာ ကျန်ခဲ့တဲ့ ကြောင်လေးကတော့ မနက်ဖြန်ဆိုတဲ့ ခရီးကို ဒီမြို့ကြီးရဲ့ လမ်းမတွေပေါ်မှာပဲ ဆက်လက် ရုန်းကန်ရဦးမှာပါ။
နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ ကူညီစောင့်ရှောက်မှုတွေ ဒီထက်မက ပိုမိုခိုင်မာလာပြီး အနာဂတ်မှာ ကြောင်လေးတို့လို ရွှေ့ပြောင်းလုပ်သားတွေအတွက်လည်း ပိုမို လုံခြုံစိတ်ချရတဲ့ လုပ်ငန်းခွင်နဲ့ ဘဝအကာအကွယ်တွေ ရရှိလာပါစေလို့ပဲ မျှော်လင့်မိပါတော့တယ်။
တာပလု











