DVB Logo
Home
မြန်မာသတင်း
CI ဖျက်သိမ်းရန်နှင့် NUG အထောက်အထားထုတ်ပေးရန် တောင်းဆိုသူ ၁ ဒသမ ၃ သန်းကျော် ရှိလာ
မောရစ်
·
November 5, 2026
Photo: DVB
Photo: DVB
Donate to DVB

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ထုတ်ပေးတဲ့ ဘယ်သူဘယ်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI စနစ်ကို ဖျက်သိမ်းဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုမှာ နိုဝင်ဘာ ၅ ရက်အထိ ထိုင်းရောက် မြန်မာ ၁ ဒသမ ၃ သန်းကျော်က လက်မှတ်ရေးထိုးထားပါတယ်။

အဲဒီ CI စနစ် ဖျက်သိမ်းဖို့ကိစ္စကို ထိုင်းလွှတ်တော်အမတ်တွေကလည်း အစိုးရကို တောင်းဆိုထားပါတယ်။

ထိုင်းရောက် အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေကို CI ထုတ်ပေးရာမှာ စစ်အာဏာရှင်အစိုးရက အခွန်ဆောင်ခိုင်းတဲ့အပြင် ပြင်ပပေါက်ဈေးထက် နည်းတဲ့ ငွေလဲနှုန်းနဲ့ တရားဝင်လမ်းကြောင်းကနေ မိသားစုဆီကို ငွေပြန်လွှဲတဲ့ အထောက်အထား တောင်းနေတာပါ။

ဒါကြောင့် အဲဒီ CI စနစ်ကို ဖျက်သိမ်းဖို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ညှိနှိုင်းပြီး ထိုင်းရောက် မြန်မာအလုပ်သမားတွေအတွက် အထောက်အထားတခုခု ထုတ်ပေးဖို့ တောင်းဆိုတဲ့ လက်မှတ်ရေးထိုး လှုပ်ရှားမှုကို ပြုလုပ်နေကြတာဖြစ်ပြီး နိုဝင်ဘာ ၁ ရက်ကနေ ၅ ရက်အထိ ပါဝင်သူ ၁ ဒသမ ၃ သန်း ရှိနေပြီ ဖြစ်ပါတယ်။

ဒီပမာဏဟာ ထိုင်းအစိုးရက ထုတ်ပြန်ထားတဲ့ ထိုင်းရောက် တရားဝင် မြန်မာအလုပ်သမားဦးရေ ၄ ဒသမ ၁ သန်းရဲ့  ၃၁ ရာခိုင်နှုန်းကျော် ရှိပါတယ်။

အဲဒီလှုပ်ရှားမှုကို လာမဲ့ နိုဝင်ဘာ ၈ ရက်အထိ သက်တမ်းတိုး ကောက်ယူကာ လုပ်သား ၃ သန်းအထိ ပါဝင်လာဖို့ မျှော်မှန်းထားတယ်လို့ ကော်မတီတာဝန်ရှိသူ ကိုရဲမင်းက ပြောပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ ကိုယ်စားပြုညှိနှိုင်းရေးကော်မတီ (MMWRCCT) ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်းက “အခုလာမဲ့ ၈ ရက်နေ့အထိ လူထုစစ်တမ်းကောက်ခံမှုကို သက်တမ်း ထပ်တိုးထားပါတယ်။ ကျနော်တို့ကော်မတီ အနေနဲ့ မြန်မာလုပ်သား ၃ သန်းလောက်အထိ ပါဝင်မယ်လို့ မျှော်လင့်ထားပါတယ်။ သံအမတ်ကြီး ဦးကျော်မိုးထွန်းဆီ တိုက်ရိုက်ပို့သွားမှာဖြစ်သလို NUG အစိုးရထံကိုလည်း အလုပ်သမားတွေကတော့ ဒီလိုတောင်းဆိုနေပါပြီ၊ ကျနော်တို့ ကော်မတီက ဒါ ကောက်ခံထားပါတယ်။ ဒီကိစ္စကို NUG အစိုးရအနေနဲ့ ထိုင်းအစိုးရနဲ့ ပူးပေါင်းပြီးတော့ ဒီအလုပ်သမားတွေ လိုလားတောင့်တတဲ့ ဒီဟာတခုကို ဆောင်ရွက်ပေးပါဆိုတဲ့ ဟာမျိုးကို တင်ပြတောင်းဆိုသွားမှာ ဖြစ်တယ်။ အခုလည်း ကျနော်တို့ ညှိနှိုင်းပြောဆိုမှုတွေတော့ ရှိပါတယ်” လို့ ပြောပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ကို ဒီကိစ္စနဲ့ပတ်သက်ပြီး DVB က ဆက်သွယ်မေးမြန်းပေမဲ့ သတင်းရေးသား တင်ဆက်တဲ့အချိန်အထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

ထိုင်းရောက် မြန်မာတွေ အဲဒီလို တောင်းဆိုနေချိန်မှာပဲ ထိုင်းလွှတ်တော်အမတ် ၅ ယောက်ကလည်း CI စခန်းတွေကို ထိုင်းအစိုးရအနေနဲ့ ချက်ချင်း ပြန်လည်သုံးသပ် ဖျက်သိမ်းဖို့ အပါအဝင် အချက် ၅ ချက်ကို တောင်းဆိုလိုက်ပါတယ်။

အဲဒီထဲမှာ ထိုင်းအောက်လွှတ်တော်ရဲ့ ငွေကြေးဈေးကွက်ဆိုင်ရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့ပါတီ (People's Party) လွှတ်တော်အမတ် ဒေါက်တာ အနုဆွန် တမချိုင် လည်း ပါဝင်ပါတယ်။

အဲဒီတောင်းဆိုချက်တွေထဲမှာ ရွှေ့ပြောင်းလုပ်သားတွေရဲ့ လစာဝင်ငွေ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံဆီ ပြန်ပို့ခိုင်းတာနဲ့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း မတရားကောက်ခံနေတာတွေကို ထိုင်းဘက်က စုံစမ်းစစ်ဆေးပေးဖို့၊ CI စနစ်ကို အားမကိုးဘဲ ထိုင်းနိုင်ငံကိုယ်တိုင် အလုပ်သမားမှတ်ပုံတင်စနစ် တည်ဆောက်ဖို့၊ CI ကြောင့် လုပ်သားတွေရော ထိုင်းလုပ်ငန်းရှင်တွေပါ ငွေကြေးနစ်နာနေရတာနဲ့ လုပ်သားတွေ စစ်မှုထမ်းဥပဒေနဲ့ ဖိအားပေးခံရကာ အခွင့်အရေး ချိုးဖောက်ခံနေရတာတွေကို အကာအကွယ်ပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

မြန်မာအလုပ်သမားတွေရဲ့ ချွေးနှဲစာကို စစ်အာဏာရှင်အစိုးရက ခေါင်းပုံဖြတ်မဲ့ CI စနစ်ကို ဖျက်သိမ်းဖို့အတွက် လက်မှတ်ရေးထိုး တောင်းဆိုမှုရှိသလို နိုဝင်ဘာ ၁ ရက်ကလည်း ဘန်ကောက်က ကုလသမဂ္ဂရုံးရှေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုတာတွေလည်း လုပ်ခဲ့ပါတယ်။

ဒီတောင်းဆိုမှုဟာ စစ်အာဏာရှင်ဆီ စီးဝင်မဲ့ ငွေကြေးစနစ်ကို ဖြတ်တောက်တဲ့ တော်လှန်ရေးတိုက်ပွဲ ဖြစ်တယ်လို့ Bright Future အဖွဲ့ ခေါင်းဆောင် ကိုဝီရဆဲန်ထောင်က ပြောပါတယ်။

“ကျနော်တို့က ဒီ မင်းအောင်လှိုင်ကို ပိုက်ဆံမပေးချင်လို့၊ ထိုင်းအစိုးရကိုပဲ ကိုယ်တို့က ပိုက်ဆံပေးချင်လို့ ဒီဥစ္စာကို လုပ်တာ။ CI လုပ်ခြင်းအားဖြင့် ကျနော်တို့ မြန်မာပြည်သားတွေပဲ ဆုံးရှုံးတာမဟုတ်ဘူး။ ထိုင်းလူမျိုးတွေ၊ ထိုင်းလုပ်ငန်းရှင်တွေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေပါ ဆုံးရှုံးတာ ရှိတယ်။ မင်းအောင်လှိုင်ရဲ့ ဒီ ငွေကြေးစနစ်ကို ကိုယ်တို့ ဖြတ်တောက်ပြီ ဆိုကတည်းကိုက ဒီ ကျည်ဆန်၊ လက်နက်တွေ၊ ဗုံးတွေကို လျော့နည်းသွားစေမယ်၊ သူ့အင်အား လျော့သွားမှာပေါ့ဗျာ။ ပြည်သူလူထုကို ပြောချင်တာကတော့ ကိုယ်တို့က ဆူးခင်းလမ်းကို လျှောက်နေတာ၊ ပန်းခင်းလမ်း မဟုတ်ဘူး။ ဒါက တော်လှန်ရေး။ မင်းအောင်လှိုင်ရဲ့ ငွေကြေးကို ဖြတ်တောက်တယ်ဆိုကတည်းက လွယ်လွယ်နဲ့ရမှာမဟုတ်ဘူး။”

ကိုဝီရဆဲန်ထောင်ဟာ CI ဖျက်သိမ်းရေးအတွက် တရားဝင် ဆန္ဒပြတောင်းဆိုချိန်မှာ ထိုင်းလူမျိုးရေး အစွန်းရောက်အဖွဲ့တချို့ရဲ့ ကိုယ်ထိလက်ရောက် တိုက်ခိုက်တာကို ခံခဲ့ရပါတယ်။

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင် (NHRC) နဲ့ ရဲစခန်းတွေဆီ ဥပဒေအရ အရေးယူပေးဖို့ သွားရောက်တိုင်ကြားထားပါတယ်။

ထိုင်းလွှတ်တော်အမတ်တွေနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက CI ဖျက်သိမ်းဖို့ တောင်းဆိုနေချိန် အတွင်းမှာပဲ ထိုင်းမျိုးချစ်အဖွဲ့လို့ လူသိများတဲ့ နှုတ်ခမ်းမွေးအဖွဲ့က ထိုင်းမှာ နိုင်ငံခြားသား အလုပ်သမားသမဂ္ဂတွေ ဖွဲ့ခွင့်မပြုဖို့၊ ထိုင်းနိုင်ငံသားတွေအတွက် သီးသန့် သတ်မှတ်ထားတဲ့ အလုပ်အကိုင်တွေမှာ နိုင်ငံခြားသားတွေ ဝင်ရောက်လုပ်ကိုင်နေတာတွေကို တင်းကျပ်စွာ အရေးယူဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနထံ တိုက်တွန်းတောင်းဆိုထားပြီး ဝန်ကြီးဌာနဘက်ကလည်း စိစစ်အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ တုံ့ပြန်ထားပါတယ်။

တဆက်တည်းမှာပဲ ထိုင်းလူမျိုးရေး အစွန်းရောက်အဖွဲ့တချို့က ဘန်ကောက်မြို့က UN ရုံးရှေ့မှာ ဆန္ဒပြခဲ့တဲ့ Future Bright က ဝီရာဆဲန်ထောင်ကို ပြည်နှင်ဒဏ်ပေးဖို့ တောင်းဆိုမှုတွေရှိနေပြီး ထိုင်းဝန်ကြီးချုပ် အနုထင်း ကတော့ ပြည်နှင်ဒဏ်ပေး၊ မပေး ပြောဖို့ စောသေးတယ်လို့ ပြန်တုံ့ပြန်ထားပါတယ်။

မောရစ်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013