DVB Logo
Home
မြန်မာသတင်း
CI စခန်းများ ချက်ချင်းဖျက်သိမ်းရန် ထိုင်းလွှတ်တော်အမတ်များ တောင်းဆို
မောရစ်
·
November 5, 2026
Photo: People’s Party
Photo: People’s Party
Donate to DVB

မြန်မာစစ်အာဏာရှင်အစိုးရ ဖွင့်လှစ်ထားတဲ့ ဘယ်သူဘယ်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးတဲ့ စခန်းတွေကို ထိုင်းအစိုးရအနေနဲ့ ချက်ချင်းပြန်လည်သုံးသပ် ဖျက်သိမ်းပေးဖို့ အပါအဝင် အချက် ၅ ချက်ကို ထိုင်းလွှတ်တော်အမတ်တွေက တိုက်တွန်း တောင်းဆိုထားပါတယ်။

ထိုင်းအောက်လွှတ်တော် ငွေကြေးဈေးကွက်ဆိုင်ရာ ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့ပါတီ (People's Party) လွှတ်တော်အမတ် ဒေါက်တာ အနုဆွန် တမချိုင်က နိုဝင်ဘာ ၄ ရက်မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး အခုလို တောင်းဆိုထားတာပါ။

ရွှေ့ပြောင်းလုပ်သားတွေရဲ့ လစာဝင်ငွေ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံဆီ ပြန်ပို့ခိုင်းတာနဲ့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း မတရားကောက်ခံနေတာတွေကို ထိုင်းဘက်က စုံစမ်းစစ်ဆေးပေးဖို့၊ CI စနစ်ကို အားမကိုးဘဲ ထိုင်းနိုင်ငံကိုယ်တိုင် အလုပ်သမားမှတ်ပုံတင်စနစ် တည်ဆောက်ဖို့၊ CI ကြောင့် လုပ်သားတွေရော ထိုင်းလုပ်ငန်းရှင်တွေပါ ငွေကြေးနစ်နာနေရတာနဲ့ လုပ်သားတွေ စစ်မှုထမ်းဥပဒေနဲ့ ဖိအားပေးခံရကာ အခွင့်အရေး ချိုးဖောက်ခံနေရတာတွေကို အကာအကွယ်ပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် ထိုင်းအထက်လွှတ်တော်အမတ် ထေဝရစ် မဏိချိုင်ကလည်း အဆိုပါ CI စနစ်ဟာ ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ အချက်အလက်တွေကို စစ်တပ်က လွယ်လင့်တကူ ထောက်လှမ်းဖိနှိပ်နိုင်ဖို့ လမ်းဖွင့်ပေးသလို ဖြစ်နေကြောင်း ထောက်ပြ ဝေဖန်ထားပါတယ်။

အခုလို ထိုင်းလွှတ်တော်အမတ်တွေက နိုင်ငံရေးအရ ဖိအားပေး တောင်းဆိုနေသလို မြေပြင်မှာလည်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းလူမျိုးရေး အစွန်းရောက်အဖွဲ့တွေနဲ့ အတိုက်အခံလုပ်ပြီး CI စနစ်ဖျက်သိမ်းဖို့တောင်းဆိုနေတဲ့ အရှိန်ကလည်း မြင့်တက်လာနေပါတယ်။

CI စာအုပ်ကို ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာပြီးမှ ထိုင်းအစိုးရရဲ့ အလုပ်သမားမှတ်ပုံတင်ကတ် ပြုလုပ်ပြီး အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေကို နိုင်ငံကူးလက်မှတ် passport အစား ထုတ်ပေးတာဖြစ်ပါတယ်။

မြန်မာစစ်အာဏာရှင်အစိုးရရဲ့ အလုပ်သမားဝန်ကြီးဌာနဟာ အောက်တိုဘာ ၁၄ ရက်က စတင်ပြီး ထိုင်းနိုင်ငံ စမုစခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နဲ့ ချွန်ဘူရီတို့မှာ CI စခန်းတွေ ဖွင့်လှစ်ထားပြီး ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ထားတဲ့ အထောက်အထားနဲ့ လစာရဲ့ ၂၅ ရာခိုင်နှုန်း လွှဲပို့ထားတဲ့ အထောက်အထား ပြသနိုင်မှသာ CI သက်တမ်းတိုး ထုတ်ပေးတာ ဖြစ်ပါတယ်။

မောရစ်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013