DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်တွင် နေအိမ်နှင့် တည်းခိုခန်းများရှိ တရားမဝင်နေထိုင်သူများကို ဝင်ရောက်စစ်ဆေး၊ ၁၅ ဦး ဖမ်းဆီးခံရ
DVB
·
November 10, 2026
Photo: Mae Ping Police
Photo: Mae Ping Police
Donate to DVB

ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်မြို့နဲ့ အနီးတဝိုက်မှာ နိုဝင်ဘာ ၉ ရက်က တာဝန်ရှိသူတွေ နေအိမ်နဲ့ တည်းခိုခန်းတွေထဲ ဝင်ရောက်ပြီး တရားမဝင် နေထိုင်သူတွေ ဝင်ရောက်စစ်ဆေးတာမှာ အသက် ၆၀-၇၀ ကျော် သက်ကြီးရွယ်အိုတွေ အပါအဝင် လဝကဥပဒေ ချိုးဖောက်သူ ၁၅ ယောက် ဖမ်းဆီးခံရတယ်လို့ သက်ဆိုင်ရာ ရဲစခန်းတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မနေ့မနက်ပိုင်းက ချင်းမိုင်မြို့၊ မဲ့ပင်းနယ်မြေရဲတပ်ဖွဲ့၊ ဟန်ဒုန်းမြို့နယ်နဲ့ ဆာရဖီးမြို့နယ် ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေဟာ သူတို့ဝာာဝန်ယူရတဲ့ နယ်မြေထဲရှိ နေအိမ်နဲ့ တည်းခိုခန်းတွေကို သွားရောက် စစ်ဆေးခဲ့တာပါ။

မဲ့ပင်းရဲတပ်ဖွဲ့က ရဲမှူးကြီး ယန်နဖွန်း ဖတ်ထနချိုင်း ဦးဆောင်တဲ့ အင်အား အယောက် ၂၀ ပါ ရဲတပ်ဖွဲ့ဝင်တွေဟာ မနေ့က နောင်ဟွိုင်ရပ်ကွက်ရှိ သံသယရှိတဲ့ နေအိမ်တွေနဲ့ တည်းခိုခန်းတွေ ဝင်ရောက်စစ်ဆေးခဲ့တယ်။

အဆိုပါ ရပ်ကွက်ထဲကနေ လဝကဥပဒေ ချိုးဖောက်သူ ၉ ယောက် ဖမ်းဆီးရမိခဲ့တာမှာ အဲဒီထဲမှာ ပုဒ်မ ၈၁ နဲ့ ၈၂ အရ တရားမဝင် ဝင်ရောက်နေထိုင်သူနဲ့ နေထိုင်ခွင့် ဗီဇာသက်တမ်း ကုန်ဆုံးသူ၊ နေထိုင်ခွင့် ဖျက်သိမ်းခံရသူ နိုင်ငံခြားသား စုစုပေါင်း ၈ ယောက် ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဥပဒေနဲ့ မညီညွတ်သူကို လက်ခံထားတဲ့သူ၊ မိမိအိမ်မှာ ဝင်ရောက်တည်းခိုသူ နိုင်ငံခြားသား အမည်စာရင်းကို သက်ဆိုင်ရာဆီ စာရင်းပို့ဖို့ ပျက်ကွက်တဲ့ ထိုင်းအိမ်ရှင်တယောက်ကိုပါ လဝက ဥပဒေပုဒ်မ ၃၈ နဲ့ အရေးယူဖို့ ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

အလားတူ ဟန်ဒုန်းမြို့နယ်မှာလည်း ဒုမြို့နယ်ဦးစီးမှူး နိုင်းဆုန်ကန်းရာ့ချ်ဌာနီ ဦးဆောင်ပြီး နယ်မြေခံရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေပါတဲ့ အဖွဲ့ဟာ ဟန်ဒုန်းမြို့နယ်၊ နောင်ကျောင်းရပ်ကွက်ထဲရှိ မသင်္ကာတဲ့ နေအိမ်နဲ့ တည်းခိုခန်းတွေ ဝင်ရောက်စစ်ဆေးရာမှာ လဝကဥပဒေ ချိုးဖောက်သူ ၅ ယောက် ဖမ်းဆီးရမိပါတယ်။

အဲဒီထဲမှာ မြန်မာနိုင်ငံသား ၃ ယောက်ဖြစ်တဲ့ ဦးမာလိ (အသက် ၆၀ နှစ်)၊ ဒေါ်နန်းဆိုင်အောင် (၆၂ နှစ်) နဲ့ ဦးလုံးဆာ (၆၀ နှစ်) တို့မှာ နေထိုင်ခွင့်အထောက်အထား မရှိလို့ ဖမ်းဆီးခံရတာဖြစ်ပြီး ထိုင်းနိုင်ငံသား နိုင်းနစ် (အသက် ၆၆ နှစ်) နဲ့ နန်းဝမ်းနား (၇၃ နှစ်) တို့ကတော့ အထောက်အထား မပြည့်စုံတဲ့ နိုင်ငံခြားသားတွေကို လက်ခံ တည်းခိုနေထိုင်ခွင့်ပေးမှုနဲ့ ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။

အဆိုပါမြို့နယ်နဲ့ တဆက်တည်းရှိတဲ့ ဆာရဖီးမြို့နယ်မှာလည်း ရွှေ့ပြောင်းလုပ်သားတွေ စုဝေး နေထိုင်တဲ့ ခိုမုန်းရပ်ကွက် အလုပ်သမားတန်းလျားကို ဝင်ရောက်စစ်ဆေးတာမှာ အထောက်အထား ရှိပေမဲ့ နယ်မြေထွက်ခွာခွင့်လက်မှတ်မရှိ၊ နေထိုင်ခွင့်ပြင်ပ ရောက်နေသူတယောက် အဖမ်းခံရတယ်လို့ ဆာရဖီးရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Source: Chiangmai Daily

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013