ချင်းမိုင်လွိုင်ကထုန်အလှပြယာဉ်တန်းတွင် တရုတ်မင်းသမီး ဖန်ပင်းပင်းပါဝင်ဆင်နွှဲ (ဓာတ်ပုံသတင်း)

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ နိုဝင်ဘာ ၂၅ ရက်ညက ကျင်းပတဲ့ လွိုင်ကထုန်နဲ့ ရီပန်ပွဲတော်ရဲ့ အလှပြယာဉ်တန်း ချီတက်ပွဲမှာ တရုတ်နာမည်ကျော်မင်းသမီး ဖန်ပင်းပင်းပါဝင်ဆင်နွှဲခဲ့ပြီး ထိုင်းဒေသခံတွေနဲ့ နိုင်ငံခြားခရီးသွား ထောင်ပေါင်းများစွာ လမ်းတလျှောက် လာရောက်ကြည့်ရှု အားပေးခဲ့ကြပါတယ်။
ထပ်ဖဲယ်ဂိတ်ကနေ ချင်းမိုင်စည်ပင်ရုံးအထိ ချီတက်တဲ့ အဲဒီအလှပြယာဉ်တန်းမှာ လန်နာယဉ်ကျေးမှုကို ဖော်ကျူးထားတဲ့ အနုစိတ်အလှဆင်ထားတဲ့ ယာဉ်တွေ၊ ရိုးရာအကအလှ ဖျော်ဖြေမှုတွေ၊ ပန်းအလှဆင်မှုတွေနဲ့ မီးအလှဆင်ပြသမှုတွေ ပါဝင်တာကြောင့် လမ်းတလျှောက် လူအများအပြား စိတ်ဝင်တစား လာရောက်ကြည့်ရှုခဲ့ကြပါတယ်။
ပွဲတော်ကာလအတွင်း ချင်းမိုင်ကို ပထမဆုံးအကြိမ် ရောက်လာတဲ့ ဩစတြေးလျခရီးသွား ဒန်နီ ကတော့ ကောင်းကင်မှာ လွှတ်တင်တဲ့ မီးပုံးပျံတွေနဲ့ ရေထဲမျှောတဲ့ မီးခွက် (ကထုန်) တွေက သူ့ကို ဆွဲဆောင်ခဲ့တယ်လို့ ပြောပါတယ်။
“ထိုင်းလူမျိုးတွေက အင်မတန်သဘောကောင်းကြတယ်လို့ ထင်ပါတယ်။ ဒီက အသိုက်အဝန်းကလည်း တကယ်ကောင်းတယ်။ ပြီးတော့ ပွဲတော်ရာသီဖြစ်နေတော့ ပတ်ဝန်းကျင်အငွေ့အသက်ကလည်း သိပ်ကောင်းပါတယ်။”
ဓာတ်ပုံရိုက်ရတာ ဝါသနာပါတဲ့ ဒန်နီက မီးပုံးပျံတွေနဲ့ မီးမျှောပွဲဟာ သူ့ခရီးစဉ်ရဲ့ အမှတ်တရအဖြစ်ဆုံး အရာတွေထဲမှာ ပါဝင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တယောက်တည်း ခရီးသွားတဲ့ အမျိုးသမီးတယောက်အနေနဲ့ ပွဲတော်ကို လာရောက်ဆင်နွှဲရတာ လုံခြုံပြီး သက်သောင့်သက်သာရှိတယ်လို့လည်း သူက ပြောပါတယ်။
တဖက်မှာလည်း ပွဲတော်ကို လာရောက်ဆင်နွှဲတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား အခွန်းကတော့ ထိုင်းနိုင်ငံက ပွဲတော်အတွေ့အကြုံကို ပျော်ရွှင်မိပေမဲ့ မြန်မာနိုင်ငံက ပွဲတော်တွေကိုလည်း ပြန်သတိရမိတယ်လို့ ပြောပါတယ်။
“မြန်မာပြည်ကိုတော့ သတိရတာပေါ့။ ကိုယ့်နိုင်ငံမှာသာ ဒီလိုပွဲတော်မျိုး ဆင်နွှဲရမယ်ဆိုရင် ဒီထက်ပိုပြီး ပျော်မိမယ်ထင်တယ်။ အိမ်လွမ်းတဲ့ခံစားချက်မျိုးပေါ့” လို့ သူက ပြောပါတယ်။
သူဟာ မြန်မာနိုင်ငံမှာ ကျောင်းသားဘဝတုန်းက တန်ဆောင်တိုင်နဲ့ ကထိန်ပွဲတော်တွေမှာ ပါဝင်ဆင်နွှဲခဲ့ဖူးပြီး ကိုယ့်နိုင်ငံမှာလည်း အခုလို စည်ကားသိုက်မြိုက်တဲ့ ပွဲတော်မျိုးတွေ ပြန်မြင်တွေ့ချင်တယ်လို့ ပြောပါတယ်။
ထိုင်းနိုင်ငံရဲ့ လွိုင်ကထုန်ပွဲတော်နဲ့ မြန်မာနိုင်ငံရဲ့ တန်ဆောင်မုန်းပွဲတော်တွေဟာ အချိန်ကာလတူညီစွာ ကျင်းပကြတာဖြစ်ပြီး မီးထွန်းပွဲတွေ၊ အလှူအတန်းတွေနဲ့ ဘာသာရေးဓလေ့ထုံးတမ်းတွေ ပါဝင်လေ့ရှိပါတယ်။
မြန်မာနိုင်ငံမှာ တန်ဆောင်မုန်းလပြည့်နေ့ကို ကထိန်သင်္ကန်းကပ်လှူတာ၊ ဆီမီးပူဇော်တာနဲ့ တခြားဘာသာရေးအခမ်းအနားတွေနဲ့ ကျင်းပကြတာကြောင့် ထိုင်းနိုင်ငံရဲ့ လွိုင်ကထုန်ပွဲတော်နဲ့ ယဉ်ကျေးမှုချင်း ဆင်တူတဲ့ ပွဲတော်ရာသီတခု ဖြစ်ပါတယ်။
ချင်းမိုင်မြို့မှာ နှစ်စဉ်ကျင်းပတဲ့ လွိုင်ကထုန်နဲ့ ရီပန်ပွဲတော်တွေဟာ ဒေသခံတွေနဲ့ ခရီးသွားဧည့်သည်တွေ အတူတကွ စုစည်းပြီး ရိုးရာလန်နာယဉ်ကျေးမှု၊ မီးပုံးပျံအလှတွေနဲ့ စည်ကားတဲ့ အလှပြယာဉ်တန်းတွေကို ခံစားကြည့်ရှုနိုင်တဲ့ ပွဲတော်တခုလည်း ဖြစ်ပါတယ်။











