
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်း စစ်ဆေးမှုတွေအတွင်း အသက် ၆၀ ကျော် သက်ကြီးပိုင်းတွေ အပါအဝင် မြန်မာ ၇ ယောက်နဲ့ တခြားနိုင်ငံခြားသားတွေ စုစုပေါင်း ၁၉ ယောက်အထိ ဖမ်းဆီးခံခဲ့ရပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ အထောက်အထားမဲ့သူတွေသာမက အလုပ်သမားကတ်ရှိပေမဲ့ အလုပ်ရှင် မတူတာကြောင့် အရေးယူခံရတာတွေ ရှိနေတဲ့အတွက် ဒီလိုအခြေအနေကို ချင်းမိုင်ရောက် ရွှေ့ပြောင်းမြန်မာလုပ်သားတွေ စိုးရိမ်နေကြပါတယ်။
နိုဝင်ဘာ ၄ ရက်ကနေ ၉ ရက်အထိ ချင်းမိုင်မြို့ပေါ်နဲ့ ဆင်ခြေဖုံးမြို့နယ်တွေဖြစ်တဲ့ မဲ့ဟီယာ၊ ဟန်ဒုံး၊ နောင်ဟွိုင်နဲ့ ဆာရာဖီးမြို့နယ်တွေက အဆောင်တွေ၊ လုပ်ငန်းခွင်တွေကို ထိုင်းလဝကနဲ့ ရဲတပ်ဖွဲ့ဝင်တွေက မနက်အစောပိုင်းအချိန်တွေမှာ ဝင်ရောက်စီးနင်း စစ်ဆေးခဲ့ကြပါတယ်။
စစ်ဆေးမှုတွေအတွင်း နေရာ ၅ ခုကနေ စုစုပေါင်း ဖမ်းဆီးခံရသူ ၁၉ ယောက်အထိ ရှိခဲ့ပြီး အဲဒီအထဲမှာ မြန်မာနိုင်ငံသား အတည်ပြု ၇ ယောက် ပါဝင်သလို အသက် ၆၀ ကျော် သက်ကြီးပိုင်းတွေနဲ့ တရားဝင်အထောက်အထား ကိုင်ဆောင်ထားသူတချို့ပါ ဥပဒေချိုးဖောက်မှုတွေနဲ့ အရေးယူခံခဲ့ရတာပါ။
နိုဝင်ဘာ ၄ ရက်က စူထေ့ပ်ရပ်ကွက် စားသောက်ဆိုင်မှာ ဖမ်းဆီးခံရသူ မြန်မာလုပ်သား တယောက်ဟာ ဘတ်ကတ်ရှိပေမဲ့ ကတ်ထဲပါ အလုပ်ရှင်နဲ့ လက်ရှိအလုပ်ခွင် မတူညီဘဲ နေရာပြောင်းလဲမှု သတင်းမပို့ထားတာကြောင့် အရေးယူခံခဲ့ရတာပါ။
နိုဝင်ဘာ ၉ ရက် မနက်ပိုင်းမှာတော့ မဲ့ဟီယာမြို့နယ်အတွင်း Facebook Page ဖွင့်ပြီး မြန်မာအချင်းချင်း ဗီဇာနဲ့ ကားအခွန်ဆောင်ပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေတဲ့ မြန်မာစုံတွဲ ဖမ်းဆီးခံခဲ့ရပါတယ်။
ထိုင်းအာဏာပိုင်တွေကတော့ ဒါဟာ နိုင်ငံသားသီးသန့် ကန့်သတ်အလုပ်ဖြစ်တဲ့ အကျိုးဆောင် စာရေးအလုပ်ကို ခွင့်ပြုချက်မဲ့ ဝင်လုပ်တာလို့ စွပ်စွဲထားတာကြောင့် အွန်လိုင်းကနေ ကိုယ်ပိုင်အလုပ် လုပ်ကိုင်နေကြတဲ့ လူငယ်တွေအကြားမှာလည်း စိုးရိမ်မှုတွေ မြင့်တက်လာနေပါတယ်။
အဲဒီနောက် ဟန်ဒုံးမြို့နယ်ထဲက မြန်မာလုပ်သားတွေ အများစု နေထိုင်ကြတဲ့ အဆောင်တွေကို ထိုင်းရဲတပ်ဖွဲ့က မနက်စောစော ဝင်ရောက်စီးနင်း စစ်ဆေးခဲ့လို့ နောင်ကယောဝ်းရပ်ကွက်က အဆောင်တခုမှာ အသက် ၆၀ ကျော် သက်ကြီးပိုင်း မြန်မာ ၃ ယောက် အဖမ်းခံခဲ့ရသလို နောင်ဟွိုင်ရပ်ကွက်မှာလည်း အထောက်အထားမဲ့ ၈ ယောက်နဲ့အတူ ဧည့်စာရင်း သတင်းမပို့တဲ့ အဆောင်ပိုင်ရှင်တယောက် အရေးယူခံခဲ့ရတာကြောင့် ချင်းမိုင်က အခြေခံ မြန်မာလုပ်သားတွေ အများစုကလည်း စိုးရိမ်ထိတ်လန့်နေကြပါတယ်။
ဟန်ဒုံးမြို့နယ်နေ မြန်မာလုပ်သားတယောက်က “မနက် ၆ နာရီလောက်ကြီး သေနတ်တွေနဲ့ စစ်သားတွေ ရဲတွေနဲ့ အဆောင်ကို လာဝိုင်းတာ။ မသိရင် ရာဇဝတ်သား လာဖမ်းသလိုပဲ။ တကယ်ပါသွားတော့ သက်ကြီးပိုင်းတွေ၊ ကလေးတွေ၊ အဲ့မြင်ကွင်းကို မေ့လည်းမမေ့သလို စိတ်လည်းမကောင်းဘူး။ ကိုယ်တွေလည်း ဘာမှသွားမကူပေးရဲဘူး။ ကျမတို့ဘက်များ လာစစ်ရင်ဆိုတဲ့ အတွေးနဲ့တင် ပြတင်းပေါက်တွေပိတ်ပြီး အသံတိတ်နေရတာ။ ကျမတို့မှာက TM.30 မရှိဘူး။ အိမ်ရှင်က တောင်းတော့လည်း မပေးဘူး။ အခုက ထိုင်းရောက်နေပေမဲ့ ဘာဖြစ်နေလဲဆိုတော့ ရဲကားမြင်ရင် မြန်မာပြည်မှာတုန်းကလို ရင်တွေထိတ်ပြီး ပြန်လန့်လန့်နေရတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ ဘတ်လို့ခေါ်တဲ့ အလုပ်သမားကတ် ရှိပေမဲ့ ကတ်ထဲမှာ မှတ်ပုံတင်ထားတဲ့ အလုပ်အကိုင်နဲ့ လက်တွေ့ လုပ်ကိုင်နေတဲ့ အလုပ်အကိုင် မတူညီတာကြောင့် ဖမ်းဆီးခံရသူတွေလည်း ပါပါတယ်။
အလုပ်သမား အများစုဟာ အလုပ်ရှင်ပြောင်းတဲ့အခါ သတ်မှတ်ရက်အတွင်း အလုပ်ရှင်သစ် အမည်ပေါက် မပြောင်းထားရင် ကတ်ပြား ပျက်ပြယ်သွားနိုင်တယ်ဆိုတဲ့ ဥပဒေအချက်အလက်ကို မသိနားမလည်ကြသလို ပွဲစားတချို့ရဲ့ လှည့်စားမှုကိုပါ ခံနေရတယ်လို့ ချင်းမိုင်မြို့နေ အလုပ်သမားရေး ကူညီနေသူတယောက်က DVB ကို ပြောပါတယ်။
“မြေပြင်မှာ အလုပ်သမားတွေက ဘတ်ကတ်ရှိရင် ဘယ်နေရာပြောင်းလုပ်လုပ် ရတယ်လို့ ထင်နေကြတာ။ အခု အဖမ်းခံရမှ ကျနော်တို့ဆီ ဖုန်းဆက်ပြီး ငိုကြရော။ အလုပ်ရှင်ဟောင်းဆီက ထွက်ပြီးရင် သတ်မှတ်ထားတဲ့ ရက် ၃၀ ဒါမှမဟုတ် ၆၀ အတွင်း အလုပ်ရှင်သစ် အမြန်ရှာပြီး အလုပ်သမားရုံးမှာ အမည်ပေါက် ပြောင်းရပါတယ်။ အဲဒီရက်ကျော်သွားရင် ကတ်ပြားက အလိုလို ပျက်ပြယ်ပြီး တရားမဝင် ဖြစ်သွားပါပြီ။ ပွဲစားတချို့ကလည်း ငွေရရင်ပြီးရော သိသင့်တဲ့ အချက်အလက်တွေ ဘာမှမပြောဘူး။ ထိတော့ အောက်ခြေအလုပ်သမားတွေပဲ နစ်နာရတာ။”
နိုဝင်ဘာလဆန်းအတွင်း လူ ၁၉ ယောက်အထိ ဆက်တိုက် ဖမ်းဆီးစစ်ဆေးခံခဲ့ရတဲ့ အခြေအနေတွေကြောင့် ချင်းမိုင်ရောက် မြန်မာလုပ်သားတွေအနေနဲ့ ဘတ်ကတ်ပါ အလုပ်ရှင်လိပ်စာ အတိအကျဖြစ်စေဖို့၊ ထိုင်းဥပဒေအရ ကန့်သတ်ထားတဲ့ အလုပ်တွေကို ရှောင်ရှားဖို့၊ သက်ကြီးရွယ်အိုတွေပါ မကျန် ပုဒ်မ ၃၈ ဧည့်စာရင်း အထောက်အထား အမြဲဆောင်ထားဖို့နဲ့ နယ်မြေကျော် သွားလာမယ်ဆိုရင် ခွင့်ပြုမိန့် ကြိုတင်ရယူထားကြဖို့ မြေပြင်အဖွဲ့အစည်းတွေက သတိပေး နှိုးဆော်နေပါတယ်။











