DVB Logo
Home
မြန်မာသတင်း

ကရင်နီတွင် CDM ထွေအုပ်အရာရှိ အသတ်ခံရမှုကို ဖော်ထုတ်အရေးယူပေးရန် တောင်းဆို

DVB
·
November 28, 2026
Photo : Facebook
Photo : Facebook
Donate to DVB

ကယား (ကရင်နီ) ပြည်နယ်ထဲမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက CDM ဦးစီးအရာရှိ ဦးမင်းဘုန်းနိုင် ဖမ်းဆီး သတ်ဖြတ်ခံခဲ့ရတဲ့အပေါ် အဖြစ်မှန်ကို ဖော်ထုတ်ပေးဖို့၊ ထိထိရောက်ရောက် အရေးယူပေးဖို့ အထွေထွေအုပ်ချုပ်ဦးစီးဌာန CDM ဝန်ထမ်းတွေက  နိုဝင်ဘာ ၂၇ ရက်မှာ သဘောထားထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

စစ်တပ်က အာဏာသိမ်းတာကို အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)နဲ့ တော်လှန် နေတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးစီးအရာရှိ ဦးမင်းဘုန်းနိုင်ဟာ ကယား (ကရင်နီ) ပြည်နယ်၊ မယ်စဲ့မြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ်ကြားမှာ နိုဝင်ဘာ ၁၈ ရက်က ဖမ်းဆီးသတ်ဖြတ် ခံခဲ့ရတာပါ။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ အထွေထွေအုပ်ချုပ်ဦးစီးဌာန CDM ဝန်ထမ်းတွေ က  အဖြစ်မှန်ကို ပွင့်လင်းမြင်သာစွာ ဖော်ထုတ်ပေးဖို့၊ တရားဥပဒေအရ ထိထိရောက်ရောက် အရေးယူပေးဖို့၊ မိသားစုအတွက် တရားမျှတမှုနဲ့ လုံခြုံရေးအာမခံချက်ပေးဖို့ နိုဝင်ဘာ ၂၇ ရက်နေ့မှာ သဘောထားထုတ်ပြန် တောင်းဆိုပါတယ်။

အထွေထွေအုပ်ချုပ်ဦးစီးဌာန CDM ဝန်ထမ်း၊ အရာရှိတယောက်က “Meeting မှာ အတည်ပြုချက် ရပြီ။ ကျနော်တို့က ၃ ချက်တောင်းဆိုတာ။ ဘာလဲဆိုတော့ အဖြစ်မှန်ကို ပွင့်လင်းစွာ ဖော်ထုတ် ပေးရေး၊ တရားဥပဒေအရ ထိရောက်စွာ အရေးယူပေးရေး၊ ပြီးတော့ မိသားစုအတွက် တရားမျှတမှု နဲ့ လုံခြုံရေးအာမခံချက်ပေးရေးပေါ့”  လို့ ပြောပါတယ်။

ကယား(ကရင်နီ)ပြည်နယ်မှာ မတရားဖမ်းဆီးသတ်ဖြတ်ခံရတဲ့ CDM ဝန်ထမ်း ဦးစီးအရာရှိ ဦးမင်းဘုန်းနိုင်ဟာ ကဗျာဆရာတယောက်လည်းဖြစ်ပြီး PlugX ကလောင်နာမည်နဲ့ ‘မြို့ထဲကို စစ်ကားတွေ ဝင်လာပြီးကတည်းက’ ဆိုတဲ့ ကဗျာစာအုပ်ကို ရေးသားထုတ်ဝေခဲ့သူပါ။

နွေဦးတော်လှန်ရေးရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ကလောင်ရှင် လူငယ်ကဗျာဆရာတယောက် သတ်ဖြတ်ခံရတာနဲ့ပတ်သက်ပြီး ကဗျာအသိုက်အဝန်းကလည်း အမှုမှန်ပေါ်ပေါက်ဖို့နဲ့ ကျူးလွန်သူ တွေကို အရေးယူပေးဖို့အတွက် တောင်းဆိုတာတွေရှိနေပါတယ်။

ကိုငြိမ်းချမ်း(တံတားဦး)က “ဒီဖြစ်စဉ်ကို သက်ဆိုင်ရာတာဝန်ရှိသူတွေကအနေနဲ့ ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးပေးဖို့၊ ဖြစ်ရပ်မှန်ကို လူထုသိရှိနိုင်အောင် ထုတ်ပြန်ပေးဖို့နဲ့ တာဝန်ရှိသူတွေကို ဥပဒေ နဲ့အညီ အရေးယူပေးဖို့ လိုအပ်တယ်”လို့ သူ့ရဲ့လူမှုကွန်ရက်ကနေ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး ၂ ဖြစ်သူ ဦးဗညားခွန်အောင်ကို DVB က ဆက်သွယ်မေးမြန်းရာမှာတော့ စုံစမ်းမှုတွေလုပ်နေပါတယ် လို့ ဖြေကြားထားပါတယ်။

လူသတ်မှုဖြစ်ခဲ့တာ ၁၀ ရက်ဝန်ကျင်ရှိလာပေမဲ့ လက်ရှိအချိန်ထိ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေက ဖြစ်ရပ်အမှန်ကို ထုတ်ပြန်လာတာမရှိသေးပါဘူး။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013