DVB Logo
Home
မြန်မာသတင်း
အားကောင်းသည့် လေဖိအားနည်းရပ်ဝန်း ဖြတ်သန်းပြီး မိုးအလွန်သည်းထန်မည်
DVB
·
September 27, 2026
Photo : မိုး/ဇလ
Photo : မိုး/ဇလ
Donate to DVB

မြန်မာနိုင်ငံကို အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းတခု ဖြတ်သန်းမှာဖြစ်လို့ မိုးအလွန်သည်းသည်းထန်ထန် ရွာပြီး ၂၄ နာရီအတွင်း မိုးရေချိန် လွန်ကဲတဲ့အဆင့်ထိ ရနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဆိုပါတယ်။

စက်တင်ဘာ ၂၇ ရက် ဒီမနက် ၁၀ နာရီအထိ ရထားတဲ့အချက်အလက်တွေအရ လေဖိအားနည်းရပ်ဝန်းဟာ ထိုင်း-မြန်မာနယ်စပ် ကန်းချနပူရီ/တာ့ခ်ခရိုင်နားကို ရောက်ရှိနေပြီး အနောက်-အနောက်မြောက်ဘက်ကို တနာရီ ၆ မိုင်နှုန်းနဲ့ ရွေ့လျားနေတယ်လို့ ဆိုပါတယ်။

အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းအဖြစ် စတင်ကူးပြောင်းနေပြီး ဗဟိုချက်ဟာ စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ဒါမှမဟုတ် ညပိုင်းကစလို့ မြန်မာနိုင်ငံအတွင်းကို စတင်ဝင်ရောက်ပြီး ကရင်၊ မွန်၊ ပဲခူး၊ ရန်ကုန်၊ နေပြည်တော်၊ မကွေး၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်အထိ အနောက်မြောက်ဘက်ကို တောက်လျှောက်ဖြတ်သန်းရွေ့လျားသွားနိုင်မယ်လို့ ဆိုပါတယ်။

ခန့်မှန်းလမ်းကြောင်းဖြတ်သန်းပြီး ဗဟိုချက်နဲ့ မိုးတိမ်တိုက်ဖြစ်ပေါ်နိုင်ခြေများနိုင်တဲ့ အနီးဆုံး မြို့နယ်တွေကတော့ မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲ့၊ ဖာပွန်၊ ဘားအံ၊ သထုံ၊ ဘီးလင်း၊ ကျိုက်ထို၊ ဝေါ၊ ပဲခူး၊ သနပ်ပင်၊ ကဝ၊ ဒိုက်ဦး၊ ညောင်လေးပင်၊ ရွှေကျင်၊ တောင်ငူ၊ ဖြူး၊ သာယာဝတီ၊ ပြည်၊ လှည်းကူး၊ တိုက်ကြီး၊ မှော်ဘီ၊ သန်လျင်၊ ရန်ကုန်မြို့တွင်းမြို့နယ်တွေ၊ မအူပင်၊ ဓနုဖြူ၊ ညောင်တုန်း၊ ဟင်္သာတ၊ ပျဉ်းမနား၊ တပ်ကုန်း၊ ဇမ္ဗူသီရိ၊ ဒက္ခိဏသီရိ၊ ပုဗ္ဗသီရိ၊ တောင်တွင်းကြီး၊ ရမည်းသင်း၊ ပျော်ဘွယ်၊ မကွေး၊ ရေနံချောင်း၊ ကျောက်ဆည်၊ မြင်းခြံ၊ ပခုက္ကူ၊ မုံရွာ၊ ချောင်းဦး၊ ရွှေဘို၊ ဒီပဲယင်း၊ ကန့်ဘလူ၊ ကသာ၊ အင်းတော်၊ ဗန်းမောက်၊ မြစ်ကြီးနားတို့ ဖြစ်ပါတယ်။

ကရင်၊ မွန်၊ ပဲခူးတိုင်း အရှေ့နဲ့ တောင်ခြမ်း၊ ရန်ကုန်တိုင်းတို့မှာ စက်တင်ဘာ ၂၇ ကနေ ၂၈ ရက်အတွင်း လေဖိအားနည်းစနစ်ဗဟိုချက် တိုက်ရိုက်ကျရောက်တာကြောင့် မိုးအလွန်သည်းသည်းထန်ထန် ရွာမှာဖြစ်ပြီး ၂၄ နာရီအတွင်း မိုးရေချိန် ၁၂၀ မီလီမီတာကနေ ၂၀၀ မီလီမီတာ (၈ လက်မလောက်) အထိ လွန်ကဲစွာရရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မြဝတီ၊ ကော့ကရိတ်၊ ဘားအံ၊ သထုံနဲ့ ကျိုက်ထိုတို့မှာတော့ တောင်ကျရေကျဆင်းတာ၊ လျှပ်တပြက် ရေကြီးတာ၊ ပဲခူး၊ ဝေါ၊ တောင်ငူတို့မှာ မြစ်ရေချောင်းရေ ရုတ်တရက်လျှံတက်တာ၊ ရန်ကုန်မြို့တွင်း နိမ့်တဲ့ဒေသတွေမှာ မြို့ပြရေဝပ်တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

နေပြည်တော်၊ ပဲခူးတိုင်း အနောက်၊ မကွေးနဲ့ မန္တလေးတိုင်းတို့မှာ စက်တင်ဘာ ၂၇ ညပိုင်း ကနေ ၂၉ ရက်အတွင်း နေရာကွက် မိုးသည်းသည်းထန်ထန် ရွာပြီး မိုးရေချိန် ၇၀ မီလီမီတာကနေ ၁၃၀ မီလီမီတာ အထိ ရနိုင်တယ်လို့ ဆိုပါတယ်။

ပြီးတော့ နေပြည်တော်ဝန်းကျင်က ပေါင်းလောင်းနဲ့ ဆင်သေချောင်း ရေလျှံတာ၊ တောင်တွင်းကြီးနဲ့ ရမည်းသင်း တောင်ခြေချောင်းတွေက တောင်ကျရေ ရုတ်တရက် စီးဆင်းလာနိုင်တယ်လို့ ဆိုပါတယ်။

မိုးလေဝသဌာနကလည်း ဒီမနက် ၉ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ လေဖိအားနည်းရပ်ဝန်းဟာ နောက် ၂၄ နာရီအတွင်း မြောက်-အနောက်မြောက်ဘက်ကို ရွေ့လျားနိုင်ပြီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း၊ ဆက်စပ်နေတဲ့ ဧရာဝတီ၊ မြစ်ဝကျွန်းပေါ်ဒေသတွေဆီ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် ဒီမနက်ကနေ စက်တင်ဘာ ၃၀ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်၊ မကွေး၊ ပဲခူး၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်း၊ ကယား၊ ကရင်၊ မွန်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာ စိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နဲ့ နေရာကွက်မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။

မိုးသက်လေပြင်းကျတဲ့အချိန် လှိုင်းအမြင့်ဟာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၀ ပေကနေ ၁၂ ပေလောက်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၈ ပေ ကနေ ၁၀ ပေလောက် ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013