
အခုရက်ပိုင်းအတွင်း ဧရာဝတီတိုင်းအတွင်းက ဒေသအများစုမှာ မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် စိုက်ပျိုးပြီးထားတဲ့ မတ်ပဲခင်းတွေ ပျက်စီးမှုနဲ့ ကြုံနေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ပစိဖိတ်သမုဒ္ဒရာအတွင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံအတွင်းက တိုင်းနဲ့ ပြည်နယ် အများစုမှာ မိုးရွာသွန်းနေပြီး နေရာကွက်ကာ မိုးကြီးနေတဲ့ အခြေအနေ ဖြစ်ပါတယ်။
အဲဒီလို မိုးရွာသွန်းမှု ဆက်တိုက်ဖြစ်ပေါ်နေချိန်မှာ ဧရာဝတီတိုင်းအတွင်းက စိုက်ပျိုးပြီးတဲ့ မတ်ပဲခင်းတွေထဲ ရေဝပ်မှုတွေ ရှိနေတာကြောင့် မတ်ပဲပင်တွေ ပုပ်ပြီး သေဆုံးတာတွေ ရှိတယ်လို့ မြောင်းမြခရိုင်အတွင်းက တောင်သူတွေထံက သိရပါတယ်။
ကန်ကြီးကျေးရွာ ဒေသခံတယောက်က “ဒီလိုသာ မိုးက ဆက်ရွာနေရင် ကုန်ပြီ။ နေ့ခင်းဘက်က နေက အသကုန်ပူပြီးတော့ ညဘက်နဲ့ ညနေဘက်တွေကျ မိုးက စွတ်ရွာနေတာ။ အကုန်ပြုတ်ထားသလိုတွေ ဖြစ်ကုန်တာ။ ခုတ်ဖုံးသမား အများစုက စိုက်ပြီးနေကြပြီ။ အပင်တွေလည်း ထွက်နေပြီ။ မိုးများတော့ နေမပူရင်တောင် ပုပ်ကုန်တာလေ။ ပြန်ကြဲကြရမဲ့ အခြေအနေပေါ့” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်းက တောင်သူအများစုဟာ မိုးစပါးကို သက်တမ်းနု စပါးအမျိုးတွေ စိုက်ပျိုးကြပြီး နှစ်စဉ် စက်ေင်ဘာလကုန်ပိုင်းနဲ့ အေက်တိုဘာလဆန်းပိုင်းတွေမှာ စပါးရိတ်သိမ်းလေ့ ရှိကြပြီး မတ်ပဲကို ခုတ်ဖုံးအနေနဲ့ စိုက်လေ့ရှိတာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့နှစ် မတ်ပဲရာသီကထက် အခုနှစ်မှာ ဈေးကောင်းလာနိုင်ခြေ ရှိနေတာကြောင့် တောင်သူအများစုဟာ မိုးအကုန်ထိ စောင့်ကာ ထွန်ယက်စိုက်ပျိုးခြင်း မပြုတော့ဘဲ မတ်ပဲတွေကို ခုတ်ဖုံးသဘောမျိုးသာ အားပြုစိုက်ပျိုးမှု ရှိလာနေပါတယ်။
အိမ်မဲမြို့နယ်ထဲက တောင်သူတယောက်က “ဒီနှစ် မနှစ်ကထက် ဈေးကောင်းနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက် ရှိကြတယ်လေ။ အဲဒါကြောင့် ရိတ်ပြီးပြီးချင်းပဲ မတ်ပဲကြဲကြတယ်။ ပြီးမှ ရိုးပြတ်ကို ရိတ်ပြီး ဖုံးလိုက်တယ်ပေါ့။ အများစုက ခုတ်ဖုံးပဲ စိုက်ကြတော့တယ်။ အစိုဓာတ်မကျန်မှာ စိုးရိမ်ကြတာလည်း ပါတာပေါ့။ အခုကတော့ မိုးများနေတော့ ဒုက္ခဖြစ်ကြတာပေါ့” လို့ပြောပါတယ်။
လက်ရှိမှာ ဧရာဝတီတိုင်းအတွင်းက ရိတ်သိမ်းဖို့ ကျန်ရှိနေတဲ့ စပါးခင်းတွေလည်း အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ပျက်စီးမှုတွေ ရှိနေပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက ဖြစ်ပေါ်ခဲ့တဲ့ လေးမျက်နှာ တာကျိုးမှုဖြစ်စဉ်ကြောင့်လည်း စပါးခင်း ဧက သိန်းနဲ့ချီ ရေဝင်နစ်မြုပ်ပြီး ပျက်စီးမှုတွေ ရှိခဲ့ပါသေးတယ်။
ဧရာဝတီတိုင်းအတွင်း အခုနှစ် မိုးစပါးရိတ်သိမ်းချိန်မှာ စပါးအသစ် ဈေးကောင်းရနေပြီး အခြောက်ခံပြီး မိုးစပါး တင်း ၁၀၀ ကို ကျပ်သိန်း ၂၀ ကျော်အထိ ဈေးပေး ဝယ်ယူနေကြပါတယ်။
တဖက်မှာလည်း ဒေသခံတောင်သူတွေ အစားများတဲ့ ဆန်ကြမ်းအမျိုးအစားဈေးနှုန်းတွေ မြင့်တက်နေပြီး ဆင်းသွယ်၊ သုခ၊ ရေစင်း၊ ရက် ၉၀ တို့လို ဆန်အမျိုးအစားတွေတောင် ၂၄ ပြည်ဝင် တအိတ်ကို ကျပ် ၉၀,၀၀၀ ကနေ ၁ သိန်းဝန်းကျင်အထိ ဈေးမြင့်တက်နေပါတယ်။











