
ဧရာဝတီတိုင်းမှာ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့တဲ့ ဒေသတွေက ရေဘေးသင့် တောင်သူတွေကို စစ်အာဏာရှင်အမိန့်နဲ့ ဆီထွက်သီးနှံဖြစ်တဲ့ နေကြာကို မဖြစ်မနေ စိုက်ပျိုးဖို့ ဖိအားပေးနေတယ်လို့ ဒေသခံ တောင်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ငဝန်မြစ်တာဘောင် ကျိုးပေါက်ခဲ့တာကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားပြီး မိုးသီးနှံတွေ ပျက်စီးဆုံးရှုံးခဲ့တဲ့ တောင်သူတွေကို အစားထိုးသီးနှံအဖြစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီမှာ ဆီထွက်သီးနှံ နေကြာကို မဖြစ်မနေ စိုက်ပျိုးဖို့ ဖိအားပေးနေတာလို့ ဆိုပါတယ်။
ရေကြည်မြို့နယ်က ဒေသခံတယောက်က “နေကြာကို ဆောင်းသီးနှံအဖြစ် ကိုယ့်ပိုင်လယ်မြေ ဧကရှိသလောက် စိုက်ခိုင်းတာ။ အုပ်ချုပ်ရေးမှူးတွေက လိုက်စိုက်ခိုင်းနေတာ။ သမ္မတကြီးရဲ့ အမိန့်အရဆိုပြီး စိုက်ခိုင်းနေတာ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ငဝန်မြစ်တာဘောင် ကျိုးပေါက်ခဲ့တာကြောင့် လေးမျက်နှာ၊ ရေကြည်၊ ကြံခင်း၊ ငါးသိုင်းချောင်း၊ ဟင်္သာတ၊ အင်္ဂပူနဲ့ ကျောင်းကုန်းမြို့နယ်တွေက တောင်သူတွေရဲ့ စိုက်ခင်းတွေ အဓိက ရေနစ်မြုပ် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ငါးသိုင်းချောင်းမြို့က လယ်သမားတယောက်က “မြေပဲလောက် စိုက်ခိုင်းရင် ဒီဘက်က မြေအမျိုးအစားနဲ့ဆို သင့်တင့်သေးတယ်။ နေကြာစိုက်ရင် ကုန်ကျစရိတ်က တခြားသီးနှံတွေထက် ပိုများတယ်၊ မဖြစ်ထွန်းဘူး။ ဒီဒေသမှာက နေကြာဖြစ်ထွန်းမှု အရမ်းအားနည်းတယ်” လို့ ပြောပါတယ်။
တောင်သူတွေကို နေကြာစိုက်ပျိုးဖို့ ဖိအားပေးနေတာဟာ စစ်အာဏာရှင်ရဲ့ အမိန့်နဲ့ စစ်အာဏာရှင် လက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေနဲ့ စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတွေက အဓိက လုပ်ဆောင်နေတာလို့ တောင်သူတွေက ဆိုပါတယ်။
ဒါ့အပြင် ရေဘေးသင့် တောင်သူတွေ အနေနဲ့ ဆီထွက်သီးနှံ နေကြာကို မစိုက်ပျိုးပါက ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေတွေ ထုတ်ချေးပေးမှာ မဟုတ်ဘူးလို့ ခြိမ်းခြောက်ပြောဆိုနေတယ်လို့ တောင်သူတွေဆီက သိရပါတယ်။











